ဘယ်သူတာဝန်ယူမှာလည်း

20170512_large_money.jpg

(၁)

“လကုန်ပြီးလို့ ငါးရက်တောင်ဖြစ်နေပြီ။ အဆောင်လခလည်း မပေးရသေးဘူး။အိမ်ကို ဖုန်းဆက်ကြည့်ရဦးမယ်”

“တီ တီ တီ . . .တူ. . တူ . . တူ။ ဟဲလို . . ။ ဟုတ် အဖေကြီးလား”

“အေး သား၊ နေကျော်ပြော”

“ဟုတ် အဖေ သားကို ပိုက်ဆံလွှဲပေးပါဦး အဆောင်ခကလည်း ပေးရမှာမို့”

“အော် အေးအေး သား၊ အဖေ မနက်ဖြန်လွှဲလိုက်မယ်။ တစ်သိန်းလွှဲလိုက်မယ်နော် ရတယ်မို့လား ပိုက်ဆံလည်း ချွေချွေတာတာသုံးနော်။ ကျန်းမာရေးလည်း ဂရုစိုက်၊ ဒါဘဲနော်”

“အဖိုးကြီး တော့်သားဆီကဖုန်းလား”

“အင်းဟုတ်တယ် ပိုက်ဆံ လွှဲဖို့ပြောတာ”

“ဘယ်လိုလုပ်မလဲ အဖိုးကြီး လက်ထဲမှာလည်း ပိုက်ဆံက မရှိဘူး”

“အင်း ခုငါဆောက်နေတဲ့ အိမ်က လက်သမားခကလည်း ဆယ်ရက်လောက်နေမှ ရမှာ”

“မတတ်နိုင်ဘူးတော်ရေ။ မမြ ဆီက အတိုးနဲ့ သွားယူရမှာဘဲ။ အရင်လက ယူထားတာတောင် ပေးစရာကျန်သေးတယ် ထပ်ပေးပါ့မလား”

“ရမှာပါ။ မိန်းမရ မမြတို့က လူရင်းတွေ သဘောလည်းကောင်းပါတယ်”

(၂)

“မိန်းမရေ ထမင်းမြန်မြန်ထုပ်ဟ၊ ငါအလုပ်မသွားခင် သားကို ပိုက်ဆံ လွှဲပေးလိုက်ဦးမယ်”

“မင်္ဂလာပါခင်ဗျ၊ အန်ကယ် ငွေလွှဲမှာလား ထုတ်မှာလား”

“ငွေလွှဲမှာ”

“ကျုပ်ကို အတက်နိုင်ဆုံးအမြန်လွှဲပေးပါနော်။ ကျုပ်အလုပ်ဆင်းရမှာမို့ပါ”

“ဟုတ် ကျွန်တော်တို့ အတက်နိုင်ဆုံးအမြန်လုပ်ပေးပါမယ်။ စာရွက်ထဲကအတိုင်းဘဲ လွှဲမှာလား အန်ကယ်။ ငွေက ဘယ်လောက်လဲခင်ဗျ”

“တစ်သိန်းပါ ငါ့တူ၊ လွှဲခ သပ်သပ်ပေးပါ့မယ်”

“ဟုတ်အန်ကယ် ခဏလေးတော့စောင့်ပေးပါဦးနော် ရှေ့မှာ customer တွေ ရှိနေသေးလို့ပါ”

“ရပါတယ် အန်ကယ်စောင့်ပါ့မယ်”

“မင်္ဂလာပါ၊ အစ်ကို ငွေလွှဲမှာလား ထုတ်မှာလားခင်ဗျ”

“အင်း ငါ့ညီ အစ်ကို အကောင့်ထဲကို သိန်းနှစ်ရာထည့်မယ်၊ မြန်မြန်လုပ်ပေးနော်။ ညီလေး အစ်ကို အရေးကြီးလို့ပါ ဒါလေးကို အရင်စစ်ပေးပါလား”

စိတ်မရှိပါနဲ့ အစ်ကို အစ်ကို့ရှေ့မှာ customer တွေ ရှိနေသေးလို့ပါ အတက်နိုင်ဆုံး အစဉ်လိုက် မြန်အောင်လုပ်ပေးပါမယ်။ အရေးကြီးလို့ပါ ဆိုကွာ အရင်စစ်ပေးလို့မရဘူးလား”

“တောင်းပန်ပါတယ်ခင်ဗျ ဘဏ်မှာ လာတဲ့သူတိုင်းဟာ ကိုယ်စီ အလုပ်တွေနဲ့ အရေးကြီးတာချည်းပဲ။ခဏတော့စောင့်ပေးပါနော်”

“ဦးနေမျိုး၊ ငွေသွင်းလို့ ရပါပြီ ခင်ဗျာ။ ဟုတ်၊ အန်ကယ်လွှဲမှာ တစ်သိန်းနော်”

“ဟုတ်ပါတယ်။ ဒီမှာ တစ်သိန်းပါ”

“အန်ကယ် ပိုက်ဆံက ငါးထောင်တန် ဆယ်ရွက်၊ တစ်သောင်းတန်ငါးရွက်နော်။ ကျွန်တော်တို့ အတု အစစ် ခွဲလိုက်ပါဦးမယ် ခဏနော်……….. အန်ကယ်၊ ပိုက်ဆံထဲမှာ တစ်သောင်းတန် တစ်ရွက် အတုပါလာတယ်ခင်ဗျ၊ အန်ကယ် တစ်သောင်းထပ်ပေး ရမယ်ခင်ဗျ”

“ဟုတ်လား အန်ကယ်မှာ ပိုက်ဆံမပါတော့ဘူး ကိုးသောင်းဘဲလွှဲလိုက်တော့မယ် ပိုက်ဆံအတုလေးတော့ ပြန်ပေးလို့ရတယ်မလား”

“စိတ်မရှိပါနဲ့ အန်ကယ်၊ ကျွန်တော်တို့က ပိုက်ဆံအတုပါရင် တာဝန်အရ ပိုက်ဆံကို ဖောက်ပြီး(ဖျက်ဆီးခြင်း)မှ customer ကို ပြန်ပေးလို့ ရတာမို့ပါ”

“အင်းပါ ငါ့တူတို့ကလည်း တာဝန်အရဘဲ ဘယ်တက်နိုင်ပါ့မလဲ”

(၃)

ဒီစကားကို အန်ကယ်ကြီးမျက်နှာ ညိုးပြီး မျက်လုံးအရည်လဲ့ကာ ဝမ်းနည်းတဲ့ အသံနဲ့ ပြောလိုက်တာ ကျွန်တော် သတိပြုမိလိုက်ပါတယ်။ ကျွန်တော်ကလည်း အိမ်က အဆင်မပြေတဲ့ ဘဝသမားဆိုတော့ ဝမ်းနည်းရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး။ အန်ကယ်ကြီးလည်း ခဏနေ ငွေလွှဲဖြတ်ပိုင်းလေးယူပြီး စိတ်ပျက်လက်ပျက်နဲ့ ဘဏ်ထဲက ပြန်သွားတယ်။ ကျွန်တော့ရင်ထဲ လည်း စိတ်မကောင်းဘူး။

(၄)

ဦးနေမျိုးတစ်ယောက် အလုပ်ခွင်မှာလည်း စိတ်ညစ်ညစ် နဲ့ တစ်နေကုန်ကျော်ဖြတ်ပြီး ညနေအလုပ်ပြီး အိမ်ပြန်လာခဲ့တယ်။

“အဖိုးကြီး ခဏနားပြီး ရေချိုး ညစာပြင်ထားတယ်။ ညစာကတော့ ဖြစ်သလိုလေး အိမ်ဘေးက ကန်စွန်းရွက်လေး ခူးကြော်ထားတယ်”

“အေးပါ ဘာဘဲဖြစ်ဖြစ် ထမင်းနည်းနည်းပဲ ခူးထား။ သိပ်မဆာဘူး”

“မျက်နှာ လည်းမကောင်းပါလား၊ အလုပ်အဆင်မပြေဘူးလား”

“မဟုတ်ပါဘူး၊ မနက်က ငွေလွှဲတာ တစ်သောင်းတန် တစ်ရွက် အတုပါလို့။ မမြဆီတို့လည်း ပြန်ပြောလို့ အဆင်မပြေဘူးမလား”

“ယောက်ျားရယ် ဘယ်တက်နိုင်မလဲ စိတ်ထဲ ထားမနေတော့နဲ့ တို့လင်မယား ဒီ့ထက်ပိုပြီးချွေတာ စားကြတာပေါ့ အဆင်ပြေသွားမှာပါ”

(၅)

ကျွန်တော်လည်း ဘဏ်က အပြန်ဆိုင်ကယ်မောင်းရင်း မနက်က ဘဏ်မှာ ငွေတုပါလာလို့ စိတ်မကောင်းစွာ ပြန်သွားတဲ့ အန်ကယ်ကြီး မျက်နှာပဲမြင်ယောင်နေမိတယ်။

“အငယ်ကောင် ပြန်ရောက်ပြီလား”

“ဟုတ် အမေ ဒီနေ့နည်းနည်း စောတယ်။ မျက်နှာကလည်း ပုပ်သိုးသိုးနဲ့”

“ဟုတ်တယ် အမေ၊ စိတ်မကောင်းဖြစ်နေတာ။ မနက်က ဘဏ်မှာ အန်ကယ်ကြီးတစ်ယောက် ငွေလာလွှဲတာ ပိုက်ဆံ တစ်သောင်းတန်တစ်ရွက်အတုပါလို့။ အန်ကယ်ကြီးပုံက နွမ်းပါး တဲ့ပုံပါ အမေရယ်။ ကျွန်တော့်ပိုက့်ဆံ တစ်ထောင်ပျောက်ရင်တောင် ကျွန်တော် နှမြောတာ။ အန်ကယ်ကြီးပုံကလည်း နွမ်းပါးတဲ့ပုံ ဘယ်လောက်များစိတ်မကောင်း ဖြစ်ပြီး အခက်အခဲတွေ့သွားမလဲ မသိပါဘူး”

(၆)

“ဒီပိုက်ဆံ အတုတွေက ဘယ်သူ့မှာ တာဝန်ရှိတာလဲ” ပြည်သူတွေမှာလား။

ဆင်းရဲသား ပြည်သူတွေ မပြောပါနဲ့ဦး။ ပိုက်ဆံအတုအစစ်ကို လူအများစု ခွဲတတ်တာမဟုတ်ဘူး။ မရှိတဲ့သူတွေ လက်ထဲ ပိုက်ဆံအတုပါလာလို့ ဆုံးရှုံးသွားရင် ပြည့်စုံတဲ့သူတွေအတွက် ဘာမှ မဟုတ်ပေမဲ့ သူတို့တွေ အတွက် အခက်ခဲတစ်ခု ဆုံးရှုံးမှုတစ်ခုဘဲ။ ဒါငွေတုတွေ ကို ဗဟိုဘဏ်က တာဝန်ယူသင့်လား၊ နိုင်ငံတော်က တာဝန်ယူသင့်လား၊ ပြည်သူတွေဘဲ နစ်နာမှုတွေနဲ့ တာဝန်ယူရမှာလား။ ပြည်သူတွေရဲ့ ဘဝတွေကို မြင်အောင်ကြည့်ပေးပါ။ ကျွန်တော့်ရဲ့ ဆောင်းပါးလေးက မည်သည့်အဖွဲ့အစည်း အစိုးရကိုထိခိုက်လိုသော ဆန္ဒမဟုတ်ပါ။ ပြည်သူတွေရဲ့ နစ်နာမှုကို သိမြင်စေလိုသော ရည်ရွယ်ချက်ဖြင့်သာ ရေးသားခြင်းဖြစ်ပါသည်။ အမှားတစ်စုံ တစ်ရာပါဝင်ခဲ့ပါက အနူးညွတ်တောင်းပန်ပါ၏။

ဦးညီ(MEUE)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top