ဆီးဖြူသီးကို ဘယ်လိုလူတွေ မစားသင့်လဲ

7.12.2021yyl22.png

အခုလိုရာသီ ထမင်းစားပွဲမှာ ဆီးဖြူသီးထောင်း (ဒါမှမဟုတ်) ဆီးဖြူသီးထည့်ချက်ထားတဲ့ ဟင်းလျာတစ်မျိုးမျိုး ပါဝင်ကြတယ်မလား။ ဆီးဖြူသီးကို အကြောင်းမျိုးမျိုးကြောင့် ကျွန်တော်တို့တွေ စားဖြစ်ကြပါတယ်။ ဆီးဖြူသီးက ဗီတာမင်စီကြွယ်ဝသလို ဆန့်ကျင်ဓာတ်တိုးဓာတ်တွေလည်း ပါဝင်ပါတယ်။ ဆီးဖြူသီးက လိမ္မော်သီးထက် ဗီတာမင်စီ ပိုပြီးပြည့်ဝစွာ ပါဝင်ပါတယ်။ ဆောင်းရာသီမှာ ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ ဆီးဖြူသီးကို တစ်နေ့တာအစားအစာမှာ ပါဝင်သင့်ပါတယ်။ ဆီးဖြူသီးစားသုံးတာက ကျန်းမာရေးအတွက် များစွာအကျိုးပြုပေးမဲ့ လူတိုင်း စားသုံးဖို့အတွက် ဘေးမကင်းပါဘူး။ တချို့ကျန်းမာရေးအခြေအနေတွေ ခံစားနေရတဲ့သူတွေက ဒီအသီးကို မစားတာအကောင်းဆုံးပါပဲ။ ဆီးဖြူသီးကို ဘယ်လိုလူတွေ မစားသုံးသင့်လဲဆိုရင်

အစာအိမ်မှာ အက်ဆစ်ဓာတ်များတဲ့သူ

ဆီးဖြူသီးက သဘာဝအလျောက် အချဉ်ဓာတ်ကို ဖြစ်စေတဲ့ ဗီတာမင်စီ အာဟာရဓာတ်ကြွယ်ဝပါတယ်။ ဒီအသီးကို စားသုံးတာက ရင်ပူရင်ဆာဖြစ်ခြင်းကို လျော့ချဖို့အတွက် ကောင်းပေမဲ့ အစာအိမ်မှာ အက်ဆစ်ဓာတ်များတဲ့သူတွေဆိုရင် ရောဂါလက္ခဏာပိုပြီးဆိုးရွားသွားနိုင်ပါတယ်။ အက်ဆစ်ဓာတ်လွန်ကဲတတ်သူတွေက ဗိုက်ထဲ အစာမရှိဘဲ ဆီးဖြူသီးကို စားသုံးမယ်ဆိုရင် အစာအိမ်လမ်းကြောင်းကို ထိခိုက်စေပြီး အက်ဆစ်ဓာတ်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

သွေးရောဂါရှိတဲ့သူ

ဆီးဖြူသီးက သွေးကျဲစေတဲ့ဂုဏ်သတ္တိပါဝင်ပါတယ်။ ဆိုလိုတာက သွေးခဲတာတွေမဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။ သာမန်လူတွေအတွက် နှလုံးရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ကို လျော့ချပေးနိုင်ပေမဲ့ သွေးနဲ့ပတ်သက်တဲ့ ရောဂါခံစားနေရတဲ့သူတွေကတော့ ဆီးဖြူသီးကို မစားသုံးသင့်ပါဘူး။ ဆီးဖြူသီးရဲ့သွေးကျဲစေတဲ့ဂုဏ်သတ္တိကြောင့် သာမန်သွေးခဲမှုကို ကာကွယ်ပေးပြီး သွေးကျဲစေပါတယ်။ သွေးမတိတ်ရောဂါခံစားနေရတဲ့သူတွေကလည်း ဆီးဖြူသီးစားသုံးမယ်ဆိုရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ အကောင်းဆုံးပါပဲ။

ခွဲစိတ်ကုသမှုခံယူရမယ့်သူ

မကြာခင် ခွဲစိတ်ကုသမှုခံယူရမယ့်သူတွေကလည်း ဆီးဖြူသီးကို မစားသုံးသင့်ပါဘူး။ ဆီးဖြူသီးကို ပမာဏအများကြီးစားသုံးမယ်ဆိုရင် သွေးထွက်ခြင်းအန္တရာယ်ဖြစ်လာနိုင်ပါတယ်။ သွေးထွက်တာ ဆက်တိုက်ဖြစ်ပြီး ကြာရှည်နေရင် သွေးအတွင်း အောက်စီဂျင်နည်းပါးတာ၊ အက်ဆစ်ဓာတ်များတာ၊ အင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်တာတွေဖြစ်လာနိုင်ပါတယ်။ ခွဲစိတ်ကုသမှုမခံယူခင် အနည်းဆုံး (၂) ပတ်အလိုကလည်းက ဆီးဖြူသီးစားသုံးတာကို ရှောင်သင့်ပါတယ်။

သွေးအတွင်း သကြားဓာတ်နည်းတဲ့သူ

ဆီးဖြူသီးက သွေးအတွင်းသကြားဓာတ်နည်းအောင် ကူညီပေးနိုင်တယ်လို့ လေ့လာချက်တချို့က ဆိုထားပါတယ်။ ဆီးဖြူသီးက ဆီးချိုရောဂါအမျိုးအစား ၁ နဲ့ ၂ ခံစားနေရတဲ့သူတွေအတွက် အကျိုးရှိပေမဲ့ မကြာခဏ သွေးအတွင်း သကြားဓာတ်နည်းတဲ့ (သို့) ဆီးချိုရောဂါကို ဆန့်ကျင်နေတဲ့ ဆေးတွေသောက်သုံးနေတဲ့သူတွေအတွက် မကောင်းပါဘူး။ ဒါကြောင့် ဆီးချိုရောဂါသည်တွေက ဆီးဖြူသီးစားတဲ့အခါ သွေးအတွင်း သကြားပမာဏကို စစ်ကြည့်သင့်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာကတော့ အကောင်းဆုံးပါပဲ။

ကိုယ်ဝန်သည် (သို့) နို့တိုက်မိခင်

ဆီးဖြူသီးက ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးစွမ်းတဲ့ အာဟာရဓာတ်များစွာကြွယ်ဝပါတယ်။ ဆီးဖြူသီးကို ပမာဏအများကြီးစားသုံးမယ်ဆိုရင် ဗိုက်အောင့်တာ၊ ဝမ်းပျက်တာနဲ့ ရေဓာတ်ကုန်ခန်းတာလို ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် ကိုယ်ဝန်သည်နဲ့ နို့တိုက်မိခင်တွေအတွက် ခက်ခဲတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ ဆီးဖြူသီးစားတာက နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်သည်တွေအပေါ် ဘယ်လိုအန္တရာယ်ဖြစ်နိုင်စေလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာချက်တော်တော်များများမရှိပေမဲ့ ဆီးဖြူသီးမစားဖို့ အကြံပြုချင်ပါတယ်။ စားသုံးမယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

ဉီးရေပြားခြောက်တဲ့သူနဲ့ အသားရေခြောက်တဲ့သူ

သင်က ဉီးရေပြားခြောက်သွေ့တဲ့သူ (ဒါမှမဟုတ်) အသားရေခြောက်တဲ့သူဆိုရင် ဆီးဖြူသီးအများကြီးစားသုံးတာက ပြဿနာကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ ဆံပင်ကျွတ်တာ၊ ယားယံတာ၊ ဗောက်ထတာနဲ့ အခြားဆံသားဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဆီးဖြူသီးမှာပါဝင်တဲ့ တချို့ဒြပ်ပေါင်းတွေက ရေဓာတ်ကုန်ခန်းခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးဖြူသီး စားသုံးပြီးရင် ရေများများသောက်ဖို့ အကြုံပြုချင်ပါတယ်။

စာဖတ်ပရိသတ်တွေအတွက် ဒီဆောင်းပါးကိုဗဟုသုတအနေနဲ့ မျှဝေပေးထားတာဖြစ်ပါတယ်။ သေချာသိချင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

Ref: People who should not have amla (gooseberry)

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top