Myanmar’s Pride Awards 2020 ရဲ့ အားကစားကဏ္ဍမှာပါဝင်တဲ့ ဆန်ကာတင်စာရင်းဝင်များ အကြောင်း သိကောင်းစရာများ

sport.jpg

အားကစားဟာ အသက်အရွယ်မရွေး ကျား၊ မ မရွေး လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခု ဖြစ်ပါတယ်။ တချို့က ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းတွေကို ပြုလုပ် လေ့ရှိပြီး တချို့ကတော့ မိမိဝါသနာပါတဲ့နှစ်သက်ရာအားကစားအမျိုးအစားကို ပြီုင်ပွဲဝင်နိုင်တဲ့အထိ ကျွမ်းကျွမ်း ကျင်ကျင်ကစား တတ်အောင် ကြိုးစားလေ့ကျင့်ကြပါတယ်။ အဲလိုကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆော့ကစားနိုင်ဖို့ ဆိုတာ တစ်နေ့တစ်ညထဲ ကြိုးစားရုံနဲ့တော့မရပါဘူး။ ပြင်းထန်တဲ့လေ့ကျင့်ရေးသင်ခန်းစာတွေ စခန်းသွင်း လေ့ကျင့်မှုတွေကို နေ့ရက်ပေါင်းများစွာ အချိန်ပေးပြီး မဆုတ်မနစ်တဲ့ဇွဲလုံ့လဝီရိယတို့ စိုက်ထုတ်ပြီးမှ ကျွမ်းကျင်အားကစားသမားတစ်ယောက် ဖြစ်လာနိုင် ပါတယ်။

ဒီကနေ့ နိုင်ငံတကာအားကစားလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ ကမ္ဘာကျော်ကစားသမားတိုင်းဟာ သူတို့ရဲ့ အောင်မြင်မှုနဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတွေကို လွယ်လွယ်ကူကူ ရရှိခဲ့တာမဟုတ်ပါဘူး။ ဥပမာပြောရရင် ကမ္ဘာကျော် ဘောလုံးသမား ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ကမ္ဘာကျော်တင်းနစ်ကစားသမား ဆီရီနာဝီလီယံ တို့ဟာ ငယ်စဉ်ကတည်းက ဝါသနာပါရာကို မဆုတ်မနစ်ကြိုးစားရုန်းကန်ခဲ့လို့သာ လက်ရှိမှာ ထိပ်တန်း အားကစားသမားနေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့လိုပဲ မဆုတ်မနစ်ကြိုးစားခဲ့လို့ ထူးချွန်ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာယှဉ်ပြိုင်နေကြတဲ့ ထူးချွန်သူ မြန်မာကိုယ်စားပြုအားကစားသမား အမြောက်အများရှိပါတယ်။ အဲလို နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်သူ အားကစားသမား တွေကို သူတို့ရဲ့ ကြိုးစားမှု အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုထောက်ပံ့မှုတွေနဲ့ အားပေးဖို့လိုအပ်ပါတယ်။

ဒီနှစ်မှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့အထိ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံပြီး အောင်မြင်စွာ ကျော်လွှားခဲ့ကြတဲ့ မြန်မာပြည်ဖွားထူးချွန်သူတွေကို ဖော်ထုတ်အသိအမှတ်ပြုမယ့် တတိယအကြိမ်မြောက် Myanmar’s Pride Awards 2020 က နယ်ပယ်ကဏ္ဍ ၆ ခုက ထူးချွန်သူတွေကို အသိအမှတ်ပြုချီးမြှောက်မှာဖြစ်ပြီး ဆန်ကာတင်အမည်စာရင်းကို ဆုရွေးချယ် ပေးအပ်ရေး အဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ ပါတယ်။ ကဏ္ဍ ၆ ခုထဲက တစ်ခုဖြစ်တဲ့ အားကစား ကဏ္ဍအတွက် အကဲဖြတ်ဒိုင်လူကြီးများ ရွေးချယ်ပေးခဲ့တဲ့ ဆန်ကာတင်စာရင်းဝင် ၄ ဦးကတော့ ဘုန်းမြင့်ကျော်၊ ဟိန်းစည်သူ၊ အောင်သူနဲ့ အိန္ဒြေဖူး တို့ပဲဖြစ်ပါတယ်။

ဘုန်းမြင့်ကျော် ဟာ ၂၀၁၉ ခုနှစ် ၃၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း 9-Ball Pool ပွဲစဉ်နဲ့ အမျိုးသားပူးတွဲ 9-Ball Pool ပွဲစဉ် (9-Ball Pool, Double & Single) တို့မှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်မှာ Shanghai Open Chinese Pool 2019၊ Anhui Dangshan Chinese Pool Joy Masters Open 2019၊ CBSA Hongzhe International Open 9 ball 2019 ပြိုင်ပွဲများမှာလည်း ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှ 2020 (8BATTlE) Chinese ️Ball၊ 2020 ELITE TOUR Chinese ️ Ball ၊ 2020 Shanghai Fen Yun Joy Open ၊ 2020 BaYuQuan Joy Open ပြိုင်ပွဲများမှာ ငွေတံဆိပ်၊ ကြေးတံဆိပ်များ ဆွတ်ခူးခဲ့တဲ့အပြင် 2020 LinHai Surpass Open ပွဲမှာလည်း ချန်ပီယံဆုကို ရယူခဲ့ပါတယ်။

ဟိန်းစည်သူ ဟာ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ 2017 American Junior ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ပထမဆု ရယူဆွတ်ခူးခဲ့တဲ့ အားကစားသမားဖြစ်ပါတယ်။ ဒီပြိုင်ပွဲမတိုင်ခင်က သူဟာ World Junior Golf Ranking အဆင့် (၅) နေရာမှာ ရပ်တည်နေခဲ့ပြီး ပြိုင်ပွဲအပြီးတွင် အဆင့် (၁) နေရာကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် အာရှတိုက်မှ ပထမဆုံး အနိုင်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်အားကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ 2020 Asian Tour ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲကို အောင်မြင်ခဲ့ပြီး 2020 Asian Tour ဂေါက်သီးရိုက်ပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

အောင်သူ ကတော့ မြန်မာ့လက်ရွေးစင်အမျိုးသားဘော်လီဘောအသင်းအတွက် ၂၀၁၂ ခုနှစ်မှာကျင်းပခဲ့တဲ့ ၁၇ ကြိမ် မြောက် အရှေ့တောင်အာရှ Jr. Men’s ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး၊ သူကိုယ်တိုင်လည်း Best Scorer ဆုနဲ့ Most Valuable Player ဆုကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Game) မှာ ကြေးတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် အားကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်ထဲက ကစားသမားဘဝကိုစတင်ခဲ့ပြီး ထိုင်းဘော်လီဘောကလပ်အသင်းများဖြစ်တဲ့ ချောင်ဘူရီ၊ နက်ခွန်းရက်ချာစီမာအသင်းများမှာ ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာတော့ ဂျပန်လိဂ်အသင်းတစ်သင်း ဖြစ်တဲ့ တိုရေးအဲရိုး (Toray Arrows) အသင်းက ခေါ်ယူခဲ့တာကြောင့် တိုရေးအဲရိုးအသင်း နဲ့အတူ ၂၀၁၈-၂၀၁၉ V. league မှာ တံဆိပ်ဆွတ်ခူးရရှိခဲ့ပြီး V- Leaguer of the Match ဆုကို Final State.6 အသင်းမှာ ရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်မှာ “Most Valuable Player Award” ဆု၊ ၂၀၁၇ ခုနှစ်မှာ Thai-Denmark Super League ရဲ့ “Best Spiker Award” ဆု၊ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ Thailand League ရဲ့ “Most Valuable Player Award” ဆု အစရှိတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ ပါတယ်။ ဒါ့အပြင် အာဆီယံဘော်လီဘောအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ အောင်သူဟာ အရှေ့တောင်အာရှ အကောင်းဆုံး အမျိုးသားဘော်လီဘောကစားသမား ၆ ဦးမှာ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒြေဖူး က ၂၀၁၉ ခုနှစ် ၃၀ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Game) မှာ ဖိလစ်ပိုင်ရိုးရာသိုင်း တစ်ခုဖြစ်တဲ့ Arnis Martial Art ပြိုင်ပွဲမှာ အိမ်ရှင် ဖိလစ်ပိုင်အသင်းအပါအဝင် ကမ္ဘောဒီးယား၊ ဗီယက်နမ်အသင်းတို့ကို ဖြတ်ကျော်ပြီး ရွှေတံဆိပ်ဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့တဲ့အပြင် ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၅ ကြိမ် မြောက် အရှေ့တောင်အာရှ Vovinam Championship မှာလည်း ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် အားကစား သမားတစ်ဦးဖြစ်ပါတယ်။

ဒီလို ထူးချွန်သူတွေကို ဖော်ထုတ်ဂုဏ်ပြုနေတဲ့ Myanmar’s Pride Awards ရဲ့ အဓိကပံ့ပိုးသူ Grand Royal Special Reserve က လူထုဆီကရရှိလာမယ့် ဆန္ဒမဲတစ်ခုစီတိုင်းအတွက် မြန်မာငွေ ၁၀ ကျပ်ကို COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအတွက် လှူဒါန်းသွားမှာဖြစ်ပြီး မဲပေးနိုင်တဲ့ကာလကတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှ မတ်လ ၁၅ ရက်နေ့အထိ ဖြစ်ပါတယ်။

မဲဆန္ဒပေးဖို့ Myanmar’s Pride Awards လူမှုစာမျက်နှာရဲ့ messenger chatbot ကို https://www.facebook.com/myanmarsprideawards ကနေတဆင့် ဒါမှမဟုတ် QR code စကင်ဖတ်ပြီး ဝင်ရောက်နိုင် ပါတယ်။ မဲပေးသူတစ်ဦးဟာ ကဏ္ဍတစ်ခုစီတိုင်းအတွက် အဆိုပြုခံရသူ တစ်ဦးစီကို တစ်ရက်ကို တစ်ကြိမ် မဲပေးခွင့်ရှိတဲ့အတွက် ကဏ္ဍ ၆ ခုရဲ့ ကိုယ်နှစ်သက်ရာ ဆန်ကာတင်စာရင်းဝင် ၆ ဦးကို နေ့စဉ်မဲပေးနိုင်မှာပါ။ Myanmar’s Pride Awards 2020 နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ ကဏ္ဍ ၆ ခုအတွက် ဆန်ကာတင် စာရင်းမှာပါဝင်တဲ့သူတွေရဲ့ အချက်အလက်တွေ၊ ကိုယ်နှစ်သက်သဘောကျတဲ့သူတွေကို ဘယ်လိုအားပေးရမလဲ ဆိုတာတွေကို အသေးစိတ်သိချင်ရင် (www.myanmarsprideawards.com) နဲ့ (www.facebook.com/myanmarsprideawards) မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top