လက်ဖက်ရည်သောက်တာ၊ ကျောင်းပို့ကျောင်းကြိုတာတွေလုပ်လေ့ရှိတဲ့ အိမ်မွေးဘဲလေး

18-1-2023-yyl-151.jpg

အိမ်မွေးဘဲတစ်ကောင်ဟာ ကျောင်းသွားတဲ့ ကလေးတွေနောက်လိုက်တာ၊ အမှိုက်သိမ်းသမားတွေနောက်လိုက်တာ၊ ဈေးသွားတာတွေလုပ်တတ်တဲ့အတွက် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိထားပါတယ်။ (၄) နှစ်အရွယ် အဲဒီအိမ်မွေးဘဲက ဟမ်လို့ အမည်ရပြီး အင်္ဂလန်က သူ့ရဲ့သခင်ဖြစ်သူ ချားလော့တ် တေလာ ဒူဂျ်ဒေးလ်ရဲ့အိမ်ရှိ တိရစ္ဆာန်သိုလှောင်ထားတဲ့ခြံမှာ နေထိုင်ပါတယ်။

ချားလော့တ်က ဟမ်ကို တစ်နှစ်သားအရွယ်ကတည်းက မွေးထားခဲ့တာဖြစ်ပြီး ဟမ်က သူ့ရဲ့သားနဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေတာပါ။ ချားလော့တ်တို့မိသားစု လုပ်တဲ့ လက်ဖက်ရည်ကိုတောင် ဟမ်က သောက်တယ်။ သူ့ရဲ့နောက်တီနောက်တောက်အပြုအမူတွေကို လူမှုကွန်ယက်မှာ မျှဝေပြီးနောက်မှာ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို သတိထားမိလာခဲ့တာပါ။

ဟမ်ကို ကလေးတွေကျောင်းသွားတဲ့နောက်လိုက်တာ၊ ကလေးတွေကို ကျောင်းသွားကြိုတာ၊ လူနေအိမ်တွေထဲက ဝင်ဖို့ကြိုးစားတာတောင်တွေ့ရပါတယ်။ သူ့ကို လူတွေက ချစ်ကြတယ်။ လူတွေက ဒါ ဟမ်မလားလို့တောင် ပြောကြတယ်။ သူက အတော်လေးနာမည်ကြီးနေတယ်လို့ ချားလော့တ်က ပြောပါတယ်။ အိမ်အပြင်ကို ထွက်ပြေးတယ်။ တစ်ခါတလေ သူ အိမ်ကို ပြန်လာတယ်။ တစ်ခါတလေဆို သူ့ကို ခေါ်မှ ပြန်လာတယ်။ ပြန်လာရင်တော့ အိမ်ရှေ့တံခါးပေါက်ကနေ ပြန်ဝင်လာတယ်။

ချားလော့တ်မှာ ဟမ်အပြင် ပီယားလို့ခေါ်တဲ့ နောက်ထပ်ဘဲတစ်ကောင်ရှိခဲ့ပါတယ်။ သူတို့နှစ်ကောင်က အချင်းချင်းခွဲထားလို့မရဘူး။ ချားလော့တ်နဲ့သူ့ကလေးတွေက လမ်းလျှောက်ရင်း သူတို့နှစ်ကောင်ကို ခေါ်သွားတယ်။ ပီယားက သူတို့မပါရင် အပြင်မထွက်ရဲဘူး။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ပီယားသေဆုံးသွားပြီးတဲ့နောက်မှာ ဟမ်က ပီယားကို ရှာဖို့ ခြံထဲကနေ စပြီးထွက်ပြေးလာခဲ့တာပါ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်က ဟမ် ပျောက်သွားလို့ (၅) နာရီကျော်လောက် ရှာခဲ့ရတယ်။

ဟမ်က တစ်ပတ် (၃) ကြိမ်လောက် ဟင်းသီးဟင်းရွက်အသုပ်တွေစားတယ်။ ပြောင်းဖူးကတော့ အမြဲကျွေးရတယ်။ Rice Krispies မုန့်နဲ့ လက်ဖက်ရည်ကိုလည်း ကြိုက်တယ်။ ချာလော့တ်က TikTok မှာ ဟမ်ရဲ့ဗီဒီယိုကို တင်လေ့ရှိပါတယ်။ “TikTok ဗီဒီယိုတွေကို လူတွေ ကြိုက်ကြတယ်။ သူ့ရဲ့တစ်နေ့တာကို တောက်ပစေတယ်ဆိုတဲ့ မက်ဆေ့ချ်တွေလည်း ရခဲ့တယ်။ ကျွန်မတို့ချစ်သလောက် သူ့ကို ချစ်ပေးကြတာသိရတော့ ကြည်နူးရပါတယ်”လို့ ချာလော့တ်က ဆိုပါတယ်။

Ref: TheMirror “Pet duck that drinks tea, chases binmen and walks to shops wins fans across world”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top