Titan ရေငုပ်သင်္ဘောငယ်ပေါက်ကွဲမှုအတွင်း ပါသွားတဲ့ ဆယ်ကျော်သက်က ရုဘစ်ကုဗတုံးနဲ့ ကမ္ဘာ့စံချိန်ချိုးဖို့ ကြိုးစားနေသူဖြစ်

26.6.2023-yyl-10.jpg

တိုက်တန်းနစ်သင်္ဘောပျက်ကို သွားကြည့်တဲ့ Titan ရေငုပ်သင်္ဘောငယ်ပေါက်ကွဲမှုအတွင်း ပါဝင်ခဲ့တဲ့ ခရီးသည် ၅ ဦးထဲက တစ်ဦးက အသက် ၁၉ နှစ်အရွယ် ဆူလီမန်း ဒါဟုဒ်ဆိုတဲ့ ဆယ်ကျော်ကောင်လေးဖြစ်ပြီး သူဟာ ရုဘစ်ကုဗတုံးအမြန်ဆုံးဖြေရှင်းနိုင်တဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖို့အတွက် သူနဲ့အတူ ရုဘစ်ကုဗတုံးကို ရေငုပ်သင်္ဘောငယ်ပေါ် ယူသွားခဲ့တာပါ။ သူက သူ့ဖခင်ဖြစ်သူ ရှာဇာဒါဒါဟုဒ်နဲ့အတူ လိုက်ပါသွားခဲ့တာပါ။

ဆူလီမန်းက တိုက်တန်းနစ်သင်္ဘောပျက်ကြည့်တဲ့ခရီးစဉ်သွားရတာ ကြောက်ခဲ့ရပေမဲ့ သွားတဲ့နေ့က အဖေများနေ့ဖြစ်တဲ့အတွက် သူ့အဖေနဲ့လိုက်ပါသွားခဲ့ရတာဖြစ်တယ်လို့ သူ့အန်တီရဲ့ပြောစကားအရ သိရပါတယ်။ ဆူလီမန်းက ရုဘစ်ကုဗတုံးကို ၁၂ စက္ကန့်အတွင်း ဖြေရှင်းနိုင်ပြီး ခရီးစဉ်အတွင်း ကမ္ဘာ့စံချိန်ချိုးဖို့ စီစဉ်ထားခဲ့တာလို့ သူ့ရဲ့အမေ ခရစ်စတင်း ဒါဟုဒ်က ဆိုပါတယ်။

“သားက သူ့ရဲ့ရုဘစ်ကုဗတုံးမပါဘဲ ဘယ်မှသွားမှာမဟုတ်ဘူး။ ရုဘစ်ကုဗတုံးဖြေရှင်းနည်းကို YouTube ကနေတဆင့် သင်ယူခဲ့တာ။ ကုဗတုံးဖြေရှင်းတာ အရမ်းမြန်တယ်။ ၁၂ စက္ကန့်လို့ ကျွန်မထင်တယ်”လို့ ခရစ်စတင်းက ပြောပါတယ်။ ဖခင်ဖြစ်သူ ရှာဇာဒါကလည်း သူ့သား ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးတာကို မှတ်တမ်းတင်ဖို့ ကင်မရာတစ်လုံးယူသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်တန်းနစ်သင်္ဘောပျက်သွားကြည့်ဖို့ ရှာဇာဒါဒါဟုဒ်တို့သားအဖနဲ့အတူ OceanGate ကုမ္ပဏီ (တိုင်တန်းနစ်သင်္ဘောပျက်ကို သွားကြည့်တဲ့ ရေအောက်ခရီးစဉ် စီစဉ်သည့်ကုမ္ပဏီ) စီအီးအို စတော့တန်ရက်ရှ်၊ ဗြိတိန် စီးပွားရေးသမား ဟာမစ်ရှ်ဟာဒင်း၊ ပြင်သစ်ရေတပ်ရဲ့ ရေငုပ်သမားဟောင်းတစ်ဦးဖြစ်တဲ့ နာမည်ကျော် စွန့်စားသွားလာသူ နာဂီယိုလတ်တို့ လိုက်ပါသွားတဲ့ Titan ရေငုပ်သင်္ဘောငယ်က ဇွန်လ ၁၈ ရက်နေ့က ထွက်ခွာခဲ့တာပါ။ အတ္တလန္တိတ်သမုဒ္ဒရာရေအောက်ထဲ ဝင်ရောက်ပြီးနောက် ၁ နာရီ၊ ၄၅ မိနစ်အကြာမှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါ။ ဇွန်လ ၂၂ ရက်နေ့က တိုင်တန်းနစ်သင်္ဘောပျက်ရဲ့ သင်္ဘောဦးပိုင်းကနေ ပေ ၁၆၀၀ အကွာမှာ Titan ရေငုပ်သင်္ဘောငယ်ရဲ့ အစိတ်အပိုင်း ၅ ခုကို တွေ့ရှိခဲ့ပါတယ်။

Ref: Teen took Rubik’s Cube on Titanic sub to break world record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top