တွစ်တာကုမ္ပဏီဘုတ်အဖွဲ့မှာ မပါဝင်ဖို့ အီလွန်မက်စ် ဆုံးဖြတ်ခဲ့တယ်လို့ ဆို

elon.jpg

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ဟာ တွစ်တာကုမ္ပဏီရဲ့ ဘုတ်အဖွဲ့မှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တွစ်တာကုမ္ပဏီအမှုဆောင်ချုပ် အက်ဂရာဝယ်က ပြောပါတယ်။ အီလွန်မက်စ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တွစ်တာကုမ္ပဏီရဲ့ ရှယ်ယာ ၉.၂ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့မှာ ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ လျာထားခဲ့တာပါ။

” အီလွန်မက်စ်ကို ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အဲဒီနေ့ နံနက်မှာပဲ အီလွန်မက်စ်က ဘုတ်အဖွဲ့မှာ ပါဝင်မှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်” လို့ အက်ဂရာဝယ်က တွစ်တာပေါ်မှာ ရေးသားခဲ့တာပါ။ အက်ဂရာဝယ်က အဲဒီလို ရေးသားခဲ့ပြီးနောက် တစ်နာရီအကြာမှာပဲ အီလွန်မက်စ်က ” ပါးစပ်ကို လက်နဲ့ပိတ်ပြီး လှောင်ရယ် ရယ်နေတဲ့ အီမိုဂျီ” ကို တွစ်တာပေါ် တင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီ အီမိုဂျီကို ပြန်ဖျက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အားလပ်ရက်မှာ အီလွန်မက်စ်က Twitter Blue premium subscription service ကို ဈေးနှုန်း လျှော့ချပေးဖို့၊ ကြော်ငြာတွေ မထည့်ဖို့၊ dogecoin ဒီဂျစ်တယ်ငွေကြေးနဲ့ ပေးချေနိုင်ဖို့ စတဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ သုံးသပ်ခဲ့ပါတယ်။ တွစ်တာက သေလုဆဲဆဲ ဖြစ်နေပြီလား၊ တွစ်တာရဲ့ရုံးချုပ်တွေကို အိမ်ရာမဲ့စခန်းအဖြစ် ပြောင်းလဲရတော့မလားဆိုတဲ့ မေးခွန်းတွေကိုလည်း အီလွန်မက်စ်က သူ့ရဲ့ကိုယ်ပိုင်တွစ်တာအကောင့်မှာ မေးမြန်းခဲ့ပါတယ်။

အီလွန်မက်စ်ဟာ တွစ်တာကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်ပြီး တွစ်တာကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဂျက်ဒေါ်ဆေး (၂.၂၅)ရဲ့ ရှယ်ယာပမာဏထက် ၄ ဆကျော် ပိုများပါတယ်။ တွစ်တာကုမ္ပဏီရဲ့ရှယ်ယာတွေကို အီလွန်မက်စ် ဝယ်ယူခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့တနင်္လာနေ့မှာ တွစ်တာကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးက ၂၇ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ပါတယ်။

Ref: BBC “Elon Musk will not join Twitter board, says boss”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top