လူအများစုက ကမ္ဘာကျော်ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ကို သူ့ရဲ့သီချင်းတွေနဲ့ ထူးခြားကောင်းမွန်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ သိကြပါတယ်။ မိုက်ကယ်ဂျက်ဆင်က ဧက ၂၇၀၀ ကျယ်ဝန်းတဲ့ မွေးမြူရေးခြံကြီးတစ်ခြံကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်တိရစ္ဆာန်ရုံ၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ အပန်းဖြေကစားကွင်းတွေပါဝင်တဲ့ နေရာအဖြစ် ပြောင်းလဲခဲ့တာဆိုတာကိုတော့ လူတွေသိပ်မသိကြလောက်ဘူးထင်ပါတယ်။
မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်တဲ့ ဧက ၂၇၀၀ မွေးမြူရေးခြံကြီးက Neverland ပါ။ Santa Barbara ကောင်တီမှာ ဒီမြေနေရာကို မူလက Zaca Laderas ခြံလို့ သိကြပါတယ်။ ၁၉၈၁ ခုနှစ်မှာ အိမ်ခြံမြေလုပ်ငန်းရှင် William Bone က ဝယ်ယူခဲ့ပြီး Sycamore Valley ခြံလို့ပြောင်းကာ ကိုယ်ပိုင်အိမ်ခြံမြေအဖြစ် ဖန်တီးတည်ဆောက်ခဲ့ပါတယ်။ ဒီမြေနေရာမှာ ကြီးမားတဲ့အိမ်ကြီးတစ်လုံး၊ စနစ်တကျဖန်တီးထားတဲ့ ဉယျာဉ်တွေ၊ ကျောက်တံတားတစ်စင်းနဲ့ ရေတံခွန်ပါဝင်တဲ့ ၄ ဧကရေကန်တို့ရှိပါတယ်။
မိုက်ကယ်ဂျက်ဆင်က ၁၉၈၃ ခုနှစ်မှာ Say Say Say သီချင်းရိုက်ကူးစဉ်အတွင်း အဲ့ဒီမှာ နေထိုင်တဲ့ Paul McCartney ဆီ အလည်လာရင်း ဒီခြံကြီးကို စတင်တွေ့ရှိခဲ့တာပါ။ ၅ နှစ်အကြာမှာ ဒီခြံကြီးကို ဝယ်ယူခဲ့ပါတယ်။ သူက Peter Pan ထဲက စိတ်ကူးယဉ်ကျွန်းနာမည်ကို အစွဲပြုပြီး Neverland ခြံလို့ အမည်ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီနောက် သာမန်ခြံအဖြစ်ကနေ သီးသန့်အပန်းဖြေဉယျာဉ်အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။
အဲ့ဒီခြံကြီးထဲမှာ ပြင်သစ်စတိုင်အိမ်တစ်လုံး၊ ရုပ်ရှင်ရုံ၊ ရေကန်၊ ရထားဘူတာ၊ အပန်းဖြေကစားကွင်းတစ်ခုရှိပါတယ်။ အခြားအပန်းဖြေကစားကွင်းတွေမှာရှိသလိုမျိုး ချားရဟတ်ကြီး၊ မြင်းရုပ်ချားရဟတ်နဲ့ အခြားစီးစရာတွေရှိပါတယ်။ တိရစ္ဆာန်တွေကို ထိတွေ့ကြည့်ရှုလို့ရတဲ့ တိရစ္ဆာန်ငယ်ရုံတစ်ခုအပြင် ကျယ်ပြန့်တဲ့မြေနေရာတစ်လျှောက်ဖြတ်သန်းသွားလာလို့ရတဲ့ ရထားလမ်းစနစ်လည်းပါဝင်ပါတယ်။
Neverland က မိုက်ကယ်ဂျက်ဆင်အတွက် အိမ်ဖြစ်ရုံသာမက ကိုယ်ပိုင်အပန်းဖြေဉယျာဉ်လည်းဖြဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ မိုက်ကယ်ဂျက်ဆင် အမှုအခင်းဖြစ်တော့ စုံစမ်းစစ်ဆေးမှုအတွင်း အာဏာပိုင်တွေက ဒီမြေနေရာကို ရှာဖွေတဲ့အချိန် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အမှုရင်ဆိုင်ရပြီးနောက် သူက Neverland ကို ဘယ်တော့မှ မပြန်ရတော့ပါဘူး။ ၂၀၀၉ ခုနှစ်မှာ မိုက်ကယ်ဂျက်ဆင်က သေဆုံးသွားခဲ့ပါတယ်။
နောက်ပိုင်းမှာ Neverland က ငွေကြေးဆိုင်ရာအခက်အခဲတွေနဲ့ ပိုင်ဆိုင်ခွင့်ဆုံးရှုံးရမယ့်အခြေအနေတို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီခြံကြီးကို စိတ်ကူးယဉ်ကမ္ဘာတစ်ခုအဖြစ် ပုံဖော်ထားခဲ့တဲ့အစိတ်အပိုင်းတွေက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။ အပန်းဖြေကစားကွင်းက စီးစရာတွေကို ဖယ်ရှားပြီး ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာ တချို့ကို အမေရိကန်နိုင်ငံက အပန်းဖြေဉယျာဉ်တွေမှာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒီခြံကြီးကို မူလနာမည် Sycamore Valley ခြံအဖြစ် ပြန်ပြောင်းခဲ့ပါတယ်။
ဒီခြံကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဈေးကွက်တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဈေးနှုန်းကို သန်း၆၀ အထိလျှော့ချခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၃၁ သန်းအထိ ထပ်လျှော့ချခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာမှာ ဘီလျံနာစီးပွားရေးလုပ်ငန်းရှင်း Ronald Burkle က ဒေါ်လာ ၂၂ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ အခုထိ ခြံကြီးက ရှိနေတုန်းပါပဲ။ ဒါပေမဲ့ Neverland က အရင်လိုတော့မဟုတ်တော့ပါဘူး။
Ref: Michael Jackson Created A 2,700-Acre Private Fantasy World With Its Own Zoo, Theatre And Theme Park
WL ( ရိုးရာလေး)

