(၁)
ဘဝဆိုတဲ့ ခရီးဟာ ပန်းခင်းသောလမ်းတွေချည်းဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ပန်းခင်းလမ်းတွေချည်း မဖြစ်နိုင်တဲ့ ဘဝခရီးထဲ ခက်ခဲကြမ်းတမ်းမှုတွေနဲ့အတူ အိမ်နိမ့်စံနေ့ရက်တွေလည်း ဖြတ်သန်းရတတ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ လူငယ်ဘဝမှာ မရေရာတဲ့အနာဂတ်တွေနဲ့ တက်ကုန်ဖွင့်၊ ရွက်ကုန်လွှင့်ရင်း မျှော်လင့်ခြင်း ကျောပိုးအိတ်လေးတွေနဲ့ ခရီးရှည်တွေ ထွက်ခဲ့ကြတယ်။ ဘဝပေးအခြေအနေဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက် ရုန်းကန်ရင်း ကိုယ့်ဘဝ၊ ကိုယ့်အိပ်မက်၊ ကိုယ့်မျှော်လင့်ချက်စစ်စစ်နဲ့ ကိုယ့်အရည်အသွေး အစစ်အမှန်တွေကို ထုတ်ပြခွင့်မရတာတွေလည်း ရှိခဲ့ကြတာပေါ့။ အိပ်မက်နဲ့ဘဝ တစ်သားတည်းမကျတဲ့ အိမ်ပြေးတချို့၊ လူငယ်တချို့ဆီကနေ မကြာခဏ ကြားရတတ်တာက ငါဟာ လူညံ့တစ်ယောက်မဟုတ်ဘူး။ ခုရောက်နေတဲ့ ဒီနေရာဟာ ငါ့ အတွက် နေရာမှန်တစ်ခုမဟုတ်ဘူးဆိုတဲ့ မကျေနပ်သံပါ။
တစ်ခါတရံမှာ ကျွန်တော်တို့တွေဟာ လောကထဲ နေရာမှားတဲ့ ပစ္စည်းလေးတွေ ဖြစ်နေတတ်တာ အမှန်ပါပဲ။
(၂)
ဟုတ်ပါတယ်။ နေရာမှားတယ်ဆိုတာ တခြားပြောတာ မဟုတ်ပါဘူး။ ကိုယ့်အရည်အချင်း၊ ကိုယ့်တန်ဖိုးအစစ်အမှန်ကို ထုတ်မပြနိုင်၊ထုတ်ပြခွင့် မရှိတဲ့အခြေအနေကို ရည်ညွှန်းချင်တာပါ။ဒီလိုမျိုး လူမှန်နေရာမှန်မဖြစ်တဲ့ ဘဝအခြေအနေထဲက ရုန်းထွက်ပြီး ကိုယ့်တန်ဖိုးအစစ်အမှန်ကို ရှာဖွေကြဖို့ စိတ်ဝင်စားဖွယ်ရာ ခေတ်သစ်ပုံပြင်လေးတစ်ပုဒ် မျှဝေပါရစေ။
ဖခင်တစ်ယောက်ဟာ သူမသေခင်မှာ နာရီဟောင်းလေးတစ်လုံးအတွက်နဲ့ပတ်သက်ပြီး သားလုပ်သူကို စကားဆိုလာပါတယ်။”ဒီမယ် ငါ့သား။ ဒီနာရီလေးကို ကြည့်လိုက်စမ်း။ ဒါဟာ အဖေ့အတွက် မင်းအဖိုးပေးခဲ့တဲ့ အမှတ်တရပစ္စည်းပဲ။ အဖေတို့ အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ ဒီနာရီလေးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂ဝဝ ကျော်ရောပေါ့။ ခု ဒီနာရီလေးကို မပေးခင်မှာ ငါ့သား လုပ်စရာတစ်ခုရှိတယ်။ ဒီနား ပထမလမ်းပေါ်မှာရှိတဲ့ နာရီပြင်ဆိုင်ကိုသွား၊ ဒီနာရီလေးကို ရောင်းချင်ပါတယ်၊ ဘယ်လောက် တန်လဲကြည့်ပေးပါ လို့ ငါ့သားမေးပြီး ပြန်လာခဲ့ကွာ”။ဖခင်ရဲ့စကားအတိုင်း နာရီဆိုင်ကိုသွားမေးပြီးလို့ ပြန်လာတဲ့အခါ ”ဟုတ်ကဲ့ အဖေ၊ ကျွန်တော်တို့ နာရီလေးက အတော်ဟောင်းနေပြီတဲ့။ အဲဒါကြောင့် ၅ ဒေါ်လာလောက်ပဲပေးနိုင်မယ် လို့ နာရီပြင်ဆရာက ပြောပါတယ်””လို့ သားလုပ်သူက ဆိုပါတယ်။
အဲဒီအခါ ကော်ဖီဆိုင်ကိုသွားပြီး နာရီဟောင်းလေးအတွက် တန်ဖိုးငွေ ဘယ်လောက်ပေးနိုင်မလဲဆိုတာ ထပ်မေးဖို့ ဖခင်လုပ်သူက ပြောပါတယ်။ ကော်ဖီဆိုင်ပိုင်ရှင်ကလည်း သူတို့ရဲ့ နာရီဟာ ၅ ဒေါ်လာလောက်ပဲ တန်တယ်လို့ ဈေးဖြတ်တဲ့အကြောင်း သားလုပ်သူက ပြန်ပြောရပါတယ်။ခေါင်းမာတဲ့ ဖခင်ဟာ အဲဒီလောက်နဲ့ ရပ်မသွားသေးပါဘူး။ ”ဒါဆိုလည်း ငါ့သား ပြတိုက်ကို ထပ်သွားကွာ။ အဲဒီမှာ ဒီနာရီလေးကို ထုတ်ပြကြည့်လိုက်”” ဆိုပြီး သားကို ခိုင်းပြန်ပါတယ်။ ပြတိုက်ကို ရောက်သွားတဲ့အချိန်ရောက်မှ ဒီနာရီလေးနဲ့ပတ်သက်ပြီး သားလုပ်သူ အံ့သြရတော့တာပါပဲ။
”အဖေ ပေးလိုက်တဲ့နာရီကို ဒေါ်လာတစ်သန်းနဲ့ ရောင်းပေးဖို့ ပြတိုက်တာဝန်ရှိသူတွေဘက်က ကမ်းလှမ်းလာတယ်။ ဒါ မယုံနိုင်စရာပဲ အဖေ”လို့ သားလုပ်သူက ဆိုပါတယ်။အဲဒီအခါကျမှ မကြာခင်မှာ လောကကြီးထဲကနေ ထွက်ခွာသွားရတော့မယ့် ဖခင်က အခုလို ရှင်းပြတာပါ။ ”အေး …။ အဲဒါပဲ။ မင်း မှတ်ထား ငါ့သား။ မင်းရဲ့တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ဆိုရင် မင်းဟာ လူမှန်နေရာ မှန်ဖြစ်ဖို့ လိုလိမ့်မယ်။ မင်းအတွက် မှန်ကန်တဲ့နေရာကပဲ မင်းတန်ဖိုးအစစ်အမှန်ကို ဈေးဖြတ်ပေးနိုင်မှာ။
ငါ့သား သိစေချင်တာက ကိုယ့်အတွက် နေရာမှန်မဟုတ်တဲ့ နေရာတစ်ခုမှာ မင်းဘဝကို ဘယ်တော့မှ မမြှုပ်နှံမိစေနဲ့။ မင်းတန်ဖိုးကို သိတဲ့သူတွေကပဲ မင်းကို တန်ဖိုးရှိအောင် မြှင့်တင် ပေးနိုင်မယ်ဆိုတာ နားလည်ထားပါ ငါ့သား” တဲ့။
(၃)
ရိုးရိုးရှင်းရှင်းနဲ့ အလင်းပွင့်သွားစေနိုင်တဲ့ ဒီဇာတ်လမ်းလေးမှာ ဆင်ခြင်စရာက ကျွန်တော်တို့တွေဟာ ကိုယ့်တန်ဖိုးကိုယ်သိပြီး လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်ကြိုးစားကြဖို့ပါ။နှစ်ပေါင်း ၂ဝဝ ကျော် သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ နာရီလေးဟာ နာရီဆိုင်က နာရီပြင်ဆရာအတွက်တော့ ၅ ဒေါ်လာထက် ဈေးမပိုတဲ့ နာရီစုတ်တစ်လုံးပေါ့။ ကော်ဖီနဲ့ မုန့်လောက်ပဲ အဓိကရောင်းပြီး ဝမ်းကျောင်းချင်တဲ့ ကော်ဖီဆိုင်ပိုင်ရှင်အတွက်ဆိုရင်လည်း ဒီနာရီလေးဟာ ၅ ဒေါ်လာထက် ပိုတန်မှာ မဟုတ်ပါဘူး။
အပေါ်ယံအသုံးဝင်မှုတန်ဖိုးထက် ရှေးဟောင်းတန်ဖိုး၊ သမိုင်းတန်ဖိုးကို မြတ်နိုးထိန်းသိမ်းတဲ့ ပြတိုက်တစ်ခုဆီရောက်ကာမှ ဒေါ်လာသန်းချီတန်တဲ့ ရှေးဟောင်းနာရီတစ်လုံး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ တကယ်လို့ နာရီပြင်ဆိုင်မှာပဲ ရတဲ့ဈေးနဲ့ရောင်းခဲ့ရင်၊ ဒါမှမဟုတ် ကော်ဖီဆိုင်မှာပဲ သောင်တင်ပြီး နေရာမှားနေခဲ့ရင် ဒီနာရီဟောင်းလေးရဲ့ ဒေါ်လာတစ်သန်းတန် ရှေးဟောင်းတန်ဖိုးဆိုတာလည်း ထွက်ပေါ်လာနိုင်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်လည်း ကိုယ့်တန်ဖိုး မသိသူတွေရဲ့ပတ်ဝန်းကျင်မှာ ကျောက်ချ၊ ခိုကပ်မနေဖို့ ဖခင်လုပ်သူက ဆုံးမခဲ့တာပါ။
(၄)
ကျွန်တော်တို့တွေအနေနဲ့ ကိုယ့်တန်ဖိုး ကိုယ်သိအောင် ကြိုးစား၊ လူမှန်နေရာမှန်အရပ်တစ်ခုဆီ ရောက်အောင်သွားနိုင်ဖို့ဆိုတဲ့ကိစ္စမှာ ကိုယ့်ရဲ့ ဝါသနာ၊ ကျွမ်းကျင်မှု၊ လုပ်နိုင်စွမ်းနဲ့ အားသာချက်၊ အားနည်းချက်တွေကို အမှန်အတိုင်း ရှုမြင်နိုင်ဖို့လည်း လိုအပ်သေးတယ် ထင်ပါတယ်။ အဆိုတော်လုပ်ချင်တယ်ဆိုပြီး ကားဝပ်ရှော့မှာ အချိန်ဖြုန်းနေလို့ မဖြစ်သလို ဘောလုံးသမား ဖြစ်ချင်တယ်ဆိုပြီး အဆိုသင်တန်းတက်နေလို့လည်း ကိုယ့်အိပ်မက်နဲ့ နီးလာမှာမဟုတ်ပါဘူး။နောက် …ဘောလုံးသမားတစ်ယောက် အရံခုံမှာပဲ ထိုင်နေရရင် ခြေစွမ်းမှန်ထုတ်ပြခွင့် မရတော့သလိုမျိုး တစ်ခါတရံ ကိုယ့်အရည်အချင်း၊ တန်ဖိုးအစစ်အမှန်တွေထုတ်ပြနိုင်ဖို့အတွက် ”အခွင့်အလမ်း” ဆိုတာကလည်း စကားပြောပါသေးတယ်။
တကယ်လို့ ကိုယ့်အတွက် ပွဲထွက်ကြိုးစားခွင့်မရှိနိုင်တဲ့ အသင်းတစ်သင်းကိုရောက်နေခဲ့ပြီဆိုရင်တော့ နာရီပြင်ဆိုင်နဲ့ ကော်ဖီဆိုင်တို့ရဲ့ ၅ ဒေါ်လာတန် တန်ဖိုးဖြတ်မှုတွေကို ကျောခိုင်းလှည့်ထွက်ခဲ့သလိုမျိုး အဲဒီအသင်း၊ အဲဒီနေရာနဲ့ လမ်းခွဲသင့်ရင် လမ်းခွဲရမှာပေါ့။ ဒါမှလည်း ကိုယ့်တန်ဖိုးကိုအမြင့်မားဆုံး မြှင့်တင်ပေးနိုင်မယ့် ပြတိုက်လိုနေရာမှန်မျိုးကို ကျွန်တော်တို့တွေ အရောက်လှမ်းနိုင်မှာပါ။
ကိုယ့်ခေါင်းပေါ်မှာ ရှိနေရမယ့် ဆံပင်မွေးဟာ ထမင်းပန်းကန်ထဲရောက်နေရင် ရွံစရာ၊ အော့အန်စရာဖြစ်သွားတတ်တာကို ကြည့်လိုက်တာနဲ့ တစ်ခါတရံ နေရာမှားခြင်းတွေက ဘယ်လောက်ထိ အဆင်မပြေမှု၊ ပြဿနာတွေကြုံရနိုင်တယ်ဆိုတာ တွေးဆလို့ရပါတယ်။မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ”ခြင်တွေက သွေးစုပ်ပြီး အသက်ရှင်တယ်။ ကျားတွေက အသားစားပြီး အသက်ရှင်တယ်။ သူတော်စင်တွေကတော့ မြင့်မြတ်တဲ့အကျင့်နဲ့ အသက်ရှင်တယ်။ အဲဒီလိုပဲ၊ ဘဝမှာ ကိုယ်ဘာစားပြီး အသက်ရှင်မလဲဆိုတာ အရေးကြီးတယ်”လို့ ပြောဖူးပါတယ်။ လေးလေးနက်နက် တွေးစရာကောင်းတဲ့အချက်တစ်ခုပါပဲ။
အထက်မှာ ပြောပြခဲ့တဲ့ သားအဖနှစ်ယောက်နဲ့ နာရီတစ်လုံး ဇာတ်လမ်းထဲမှာတော့ နာရီဟောင်းလေးဟာ သူ့တန်ဖိုးကို သိတဲ့ ပြတိုက်ကြီးကို တွေ့အောင်ရှာနိုင်ခဲ့ပါတယ်။တကယ်လို့များ စာရှုသူရဲ့ပတ်ဝန်းကျင်မှာ နေရာမှားနေတဲ့ အနာဂတ်နာရီလေးတွေ၊ လောကကြီးကို မကျေမနပ်နဲ့ ဆဲရေး တိုင်းထွာနေတဲ့ အိမ်ပြေးလူငယ်လေးတွေကို တွေ့ခဲ့ရင်လည်း ကိုယ့်တန်ဖိုးအစစ်အမှန် အိပ်မက်ပြတိုက်တွေဆီ ရောက်အောင်သွားနိုင်ဖို့ ပြောပေးစေချင်တာပါပဲ။
မိုးအောင်လင်းနိုင် (ရိုးရာလေး)