နိုင်ငံကြီးသား ပီသဖို့ ဘယ်အရာတွေလိုအပ်မလဲ

young-doctor-helping-one-guy-to-stand-up.jpg

နိုင်ငံကြီးသား ဆိုတဲ့ အဓိပ္ပါယ်ကတော့ တာဝန်ကျေပွန်တဲ့ သဘောထားကြီးတဲ့ စိတ်ရှိတဲ့ နိုင်ငံသားတစ် ယောက် ကိုဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ခေါက်ရိုးကျိုးနေတဲ့ အချက်လေးတွေကို ပြင်ဆင်သင့်ပြီး မိမိတတ်နိုင်တဲ့ ဖက်က ဝိုင်းဝန်းကူညီနိုင်ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်အချက် လေးနဲ့ပြောချင်ပါတယ်။

၁။အချင်းချင်းရိုင်းပင်းကူညီမှုရှိပါ။

သာဓကများဖြင့်ဆိုရမယ်ဆိုရင်.. မိမိ အနေနဲ့ ခရီးသွားတာပဲဖြစ်စေ၊ လမ်းသွားတာပဲဖြစ်စေ အမြင်မတော်တာလေးတွေရှိရင် ဝိုင်းဝန်းကူညီပေးသင့်ပါတယ်။ ဥပမာ.. သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ ကလေးသူငယ်တွေကို မိမိရဲ့ အရှေ့ မှာ အကူညီလိုအပ်ရင် တတ်နိုင်သလောက်ကူညီပါ။ သက်ကြီးရွယ်အိုများဆိုရင်ဖြင့် တွဲထူတာတို့၊ ကားစီးရင် နေရာပေးတာတို့။ ဦးစားပေးသင့်ပါတယ်။ မိမိကိုယ်တိုင်လည်း မျက်မြင်ကြုံဖူးတယ်။ ကားစီးတုန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ထိုင်နေတဲ့ သူတွေက နေရာမဖယ်ပေးပါဘူး။ ဒီလိုနဲ့ ထိုအမျိုးသမီးဟာ သူဆင်းမယ့်ကားမှတ်တိုင်အထိ ကျပ်တည်းစွာ မတ်တပ်ရပ်ရင်းပဲ စီးသွားရပါတယ်။ ဒီလိုအဖြစ်ပျက်တွေမကြုံဆုံအောင်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။

၂။ကိုယ့်အမှိုက်ကိုယ်တာဝန်ယူပါ။(အမှိုက်ကိုစနစ်တကျစွန့်ပစ်ပါ)

အမှိုက်လို့ ပြောလိုက်ရင် ပြောစရာတွေက ဆုံးမယ်မထင်ပါဘူး။ တိုတိုနဲ့ လိုရင်းပဲပြောချင်ပါတယ်။ ကျွန်တော်တို့ အားလုံး ကျောင်းတက်ပြီး သင်ကြရပါတယ်။ “အိမ်လမ်း ရွာကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဆိုတဲ့ စာသားလေးဟာ သူငယ်တန်းကနေသင်ရပါတယ်။ ဒီလိုဆိုကျွန်တော်တို့ သိတာက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ အမှိုက်မပစ်ချသင့်ပါဘူး။ သင့်အနေနဲ့ လမ်းသွားရင် အမှိုက်ပုံး တွေ့ တဲ့နေရာမှာ အမှိုက်ပစ်ပါ။ လမ်းဘေး ရေနုတ်မြောင်းသို့ အလွယ်နဲ့ မပစ်ထည့်ပါနဲ့ ။ ရေစီးရေလာကို ဟန့်တားစေပါတယ်။ အမှိုက်ထည့်စရာမရှိပါက သေချာထုတ်ပိုးပြီး အိမ် သို့ မိမိနဲ့ နီးစပ်ရာအမှိုက်တောင်းမှာ ပစ်ပါတယ်။ လူမရှိလို့ စားပြီးသား လွှင့်ပစ်လိုက်တာတို့ မဖြစ်သင့်ပါ။ အမှိုက်ထုပ်ကို ကိုင်ထားတာရှက်စရာမဟုတ်ပါ။ စည်းကမ်းမဲ့ အမှိုက်ပစ်လိုက်တာက ရှက်သင့်တာပါ။ အမှိုက်သရိုက်သာမက စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းကိုလည်းရှောင်ရှားသင့်ပါတယ်။ သန့် ရှင်းမှ ရောဂါကင်းမှာပါ။ယခုလိုကိုဗစ်ကာလမှာဆိုရင်ပိုမိုဆင်ခြင်နေထိုင်ကြဖို့လိုအပ်ပါတယ်။

၃။တန်းစီတဲ့စနစ်ကိုကျင့်သုံးပါ။

မြန်မာလူမျိုးတိုင်း ကျင့်သုံးရမယ့်အချက်က တန်းစီချင်း အလေ့အထပါ။ ကျောင်းမှာပဲ ကျင့်သုံးပြီး အခြားမှာမကျင့်သုံးရင် ဘာမှမထူးပါဘူး။ ဘဏ်၊ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံ၊ ကားဂိတ်၊ ဘူတာ၊ မြစ်ဆိပ်၊ လေဆိပ်၊ အားကစားကွင်း၊ အစရှိတဲ့ နေရာများဟာ တန်းစီမှု စနစ်အရမ်းလိုအပ်ပါတယ်။ သူဦး သူယူ ကိုယ်ဦးကိုယ်ယူ စနစ်တကျ မရှိပဲ ဆိုရင် အချိန်ဖြုန်းရရောက်ပါတယ်။ စောစောလာတဲ့သူ့ က အရင်၊ နောက်မှာလာတဲ့သူကကိုယ့်အလှည့်ကို ရောက်သည်အထိစောင့်ပါ။အချိန်တန်ရင်ကိုယ့်အလှည်ရောက်မှာပါ။ ပူစရာမလိုပါဘူး။ တန်းစီတဲ့အလေ့အကျင့်ဟာ ရှက်စရာမဟုတ်ပါ။ တန်းမစီပဲ လုဝင်၊ ပြေးဝင်၊ လုယူ၊ တာတွေက အလွန် သရုပ်ပျက်ပါတယ်။ ဘေးကကြည့်ရင်လည်း စည်းကမ်း မရှိကြောင်းပေါ်လွင်နေပါတယ်။ ဒါကြောင့် မြန်မာလူမျိုးများအားလုံး စည်းကမ်းရှိရှိ တန်းစီတဲ့စနစ်ကို ကျင့်သုံးရမှာဖြစ်ပါတယ်။ ဒီလိုအကျင့်ရှိခြင်းဖြင့် နိုင်ငံတကာနဲ့ သွားလာလည်ပတ် ရာမှာ လည်း အလွန်မျက်နှာရှိပြီးကျင့်ကြံတတ်မှာဖြစ်ပါတယ်။

၄။တစ်ဦးပေါ်တစ်ဦးခွင့်လွတ်နားလည်ပါ။

လမ်းသွားရင်းဖြစ်ဖြစ်၊ ကားစီးတာပဲဖြစ်ဖြစ်၊ အများပြည်သူနဲ့ ဆိုင်တဲ့နေရာသာမက နေရာတိုင်းမှာ ခွင့်လွတ် နားလည်တတ်ရင် အကောင်းဆုံးဖြစ်ပါတယ်။ မတော်တဆ မိမိကို ထိမိ တွန်းမိ၊ တိုက်မိ ဖြစ်တတ်မှာပါ။ (တမင်လုပ်တာမှတစ်ပါး) ထိုအရာတွေပေါ်မှာ စိတ်မငြိုညင်ပါနဲ့။ ခွင့်လွတ်ခြင်းသာ အကောင်းဆုံးပါ။ မဟုတ်ရင် ပြဿနာအသေးကနေ ကြီးသွားနိုင်ပါတယ်။ အများသူငှာ ကြားထဲမှာ အားလုံးနေထိုင်ကြလို့ အနည်းအများတော့ သည်းခံသင့်ကြတာ အကောင်းဆုံးပါပဲ။ တစ်ဦးကိုတစ်ဦး မသိတောင် နားလည်ပေးတာ ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ စာနာတတ်တဲ့အ တွေးရှိရင် သည်းခံမှုက အလိုလိုဖြစ်လာမှာသေချာပါတယ်။

၅။လိမ္မာယဉ်ကျေးမှုရှိပါ။

ယခုလို အင်တာနက်ခေတ်မှာ လူတွေဟာ အကျင့်စာရိတ္တပိုင်း တစ်ဖြည်းဖြည်း ယိုယွင်း ပျက်စီးလာပြီး စိတ်ဓာတ်ရေးရာ အားနည်းလာကြပါတယ်။ အွန်လိုင်းအင်တာနက် စာမျက်နှာတွေမှာ ဆဲဆို ကြိမ်းမောင်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်တဲ့ အများသူငှာရှေ့ အရှက်ခွဲ အပုပ်ခတ်မှု၊ စတဲ့ cyberbullying ဆိုတဲ့ အွန်လိုင်း ကနေ အနိုင်ကျင့်စော်ကားမှု တွေ တစ်ဖြည်းဖြည်းတိုးပွားလာနေပါတယ်။ ဒါတွေကို ကျူးလွန်နေမှု ရပ်တန့် သင့်ပါတယ်။ မိမိပြောဆိုလိုက်တဲ့ စာသားကြောင့်၊ စကားတစ်ခွန်းကြောင့်၊ သူတစ်ပါး အသိစိတ်ဒုက္ခရောက်ရမယ့် အလုပ်ကိစ္စတွေကို ရှောင်ရှားပါ။ ထိုပုပ်ခပ်တဲ့ ထိုးနက်တဲ့ စာသားတွေကြောင့် အသက်ရှုံးဆုံးရတဲ့ အထိဖြစ်စေနိုင်ပါတယ်။ သင့်ကြောင့် သူတစ်ပါး ဒုက္ခမရောက်ရပါစေနဲ့။ ယဉ်ကျေးတဲ့ လူ့ ဘောင်ကို ကျွန်တော်တို့ အယောက်စီတိုင်း ဖန်းတီးနိုင်ပါတယ်။

၆။ ပူးပေါင်းပါ၀င်လုပ်ဆောင်ပါ။

တာ၀န်သိပြည်သူဖြစ်ဖို့ ပူးပေါင်းပါ၀င်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အခုလို ကိုဗစ်ကဒ်ရောဂါကာလ အတွင်းမှာ ပြည်သူတစ်ယောက်ချင်းစီကနေ ၀ိုင်း၀န်းကူညီမှ ရောဂါထိန်းချုပ်ရေးမှာ ထိရောက် မှုရှိနိုင်မှာဖြစ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့လုပ်ရပ်တွေ၊ လျစ်လျူရှုထားမှုတွေကို ရပ်တန့်သင့် ပါတယ်။ လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများကို အတတ်နိုင်ဆုံးမပျက်မကွက်လိုက်နာဖို့လိုပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့အရာများကို မဆိုင်းမတွလုပ်ဆောင်ရင်း တိုင်းပြည်တိုးတက်ရေးမှာ တတ်နိုင်သမျှ ပါ၀င်လုပ်ဆောင်ကြဖို့လိုပါတယ်။

နိုင်ငံကြီးသားပီသဖို့ ယခုတင်ပြတဲ့ အချက် (၆) ချက်မက အများကြီး ရှိပါသေးတယ်။ ဤအချက်တွေက လူတိုင်းသိနေကြတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ ကျင့်သုံးမှု ပျက်ကွက်နေဆဲ လိုအပ်နေဆဲပဲလို့ ထင်မြင်မိပါ တယ်။ ဒါပေမယ့် ယခု ပြောပြခဲ့တဲ့ အချက်အားလုံးဟာ အရေးကြီးတဲ့ နေရာမှာပါဝင်နေလို့ အားလုံးကို ပညာပေး လိုက်ရပါတယ်။မြန်မာနိုင်ငံသား အားလုံးတာဝန်သိပြည်သူများ အဖြစ် ကျင့်ကြံနိုင်ကြပါစေ။

Ref: Personal Opinion

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top