စမတ်ဖုန်းနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် cရိုက်မယ်

yyl-023.jpg

ခရီးသွားတဲ့အခါပဲဖြစ်ဖြစ်၊ အမှတ်တရမှတ်တမ်းတင်တာပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကျွန်တော်တို့တွေ ဓါတ်ပုံရိုက်ကြပါတယ်။ အခုဆိုရင် စမတ်ဖုန်းများမှာပါဝင်တဲ့ ကင်မရာအရည်အသွေးတွေဟာလည်း ပရော်ဖက်ရှင်နယ် ကင်မရာ(Professional Camera)နီးနီး ကောင်းမွန်လာပြီဖြစ်တဲ့အတွက် ကြည်လင်ပြတ်သားကောင်းမွန်တဲ့ ဓါတ်ပုံများကို မိမိစမတ်ဖုန်းနဲ့ပဲ အလွယ်တကူ ရိုက်ကူးနိုင်ပါတယ်။ စမတ်ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ ကင်မရာနဲ့ပဲဖြစ်ဖြစ် ဓါတ်ပုံလှလှလေးတွေထွက်လာအောင် ရိုက်ကူးနိုင်မယ့် အသုံးဝင်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁)ဆုံမှတ်ကိုရွေးချယ်ပါ

ဓါတ်ပုံတစ်ပုံကို စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနိုင်တဲ့အရာကတော့ ဆုံမှတ်ပဲဖြစ်ပါတယ်။ လူတစ်ယောက် ၊ အဆောက်အဦးတစ်ခု ဒါမှမဟုတ် သစ်ပင်တစ်ပင်ဟာလည်း ဓါတ်ပုံတစ်ပုံကို ဆွဲဆောင်မှုအကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။ သင့်ရဲ့ဆုံမှတ်ဟာ သင်ရိုက်ကူးထားတဲ့ နေရာဒေသပတ်ဝန်းကျင်ရဲ့ ထူးခြားဆန်းပြားလှပမှုကို ဖော်ပြပေးနိုင်မယ့် အကောင်းဆုံးမြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

(၂)အတွေးပုံရိပ်နဲ့ ဖန်တီးပါ

သင့်ရဲ့ အရှေ့မှာမြင်တွေ့နေရတဲ့ သဘာဝရဲ့အလှတရားကို ဓါတ်ပုံထဲမှာ အပြည့်အဝပုံဖော်နိုင်ဖို့အတွက် ပံ့ပိုးပေးနိုင်တဲ့ အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့အတွေးပုံရိပ်ကို တိကျသေချာစွာ ဖန်တီးနိုင်ခြင်းပါပဲ။ တစ်ခါတစ်ရံ ကိုယ်ရိုက်ကူးမယ့် အရာဝတ္ထုရဲ့ အရှေ့မှာ ကျောက်ဆောင်၊ကျောက်တုံး ဒါမှမဟုတ် သစ်ပင်၊သစ်ရွက်ခြောက်တွေကို ကြားခံနယ်အဖြစ်ထားရှိပြီး ရိုက်ကူးထားခြင်းက ပိုပြီးဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတစ်ပုံကို ရရှိစေမှာပါ။

(၃)ရှုထောင့်အမျိုးမျိုးကနေ စမ်းသပ် ရိုက်ကူးပါ

ဓါတ်ပုံတစ်ပုံမှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီဟာ ကြည့်ရှုသူတွေကို များစွာလွှမ်းမိုးမှုပေးနိုင်ပါတယ်။ တကယ်လို့ သင်ရိုက်ကူးထားတဲ့ ပုံရိပ်တွေဟာ မြင်ကွင်းရှုပ်နေတယ်လို့ ယူဆမိတယ်ဆိုရင်တော့ အခြားရှုထောင့်ကနေပြီး တစ်ဖန်ပြန်လည်ရိုက်ကူးကြည့်ပါ။ ဆန်းကြယ်လှပတဲ့ ဓာတ်ပုံကောင်းတစ်ပုံဟာ မထင်မှတ်ထားတဲ့ ရှုထောင့်တစ်မျိုးမျိုးကနေ ရရှိတတ်တာကြောင့် အရာဝတ္ထုရဲ့အထက် ဒါမှမဟုတ် အောက်ကနေ စမ်းသပ်ရိုက်ကူးပြီး ပုံကောင်းတစ်ပုံထွက်ဖို့အတွက် ကြိုးစားနိုင်ပါတယ်။သင်မထင်မှတ်ထားတဲ့ရှုထောင့်မျိုးမှ သာမာန်ထက်ထူးခြားတဲ့ ပုံကောင်းတစ်ပုံ ရလာနိုင်တယ် ဆိုတာ သင်မမေ့ပါနဲ့။

(၄)အလင်းရောင်ကို စစ်ဆေးပါ

နံနက်အရုဏ်တက်နဲ့ ညနေ နေဝင်ချိန်ဆည်းဆာတို့မှာ တွေ့ရလေ့ရှိတဲ့ ရွှေအိုရောင်လိုမျိုး သဘာဝအလင်းရောင်တွေအပြင် နေဝင်ပုံ၊ နေထွက်ပုံ တို့ကြောင့် ဖြစ်ပေါ်လာတက်တဲ့ ပုံရိပ်တွေဟာ သင့်ရဲ့ ဓါတ်ပုံကိုပုံမှန်ထက် ကွဲပြားခြားနားတဲ့ ဓါတ်ပုံတစ်ပုံအဖြစ် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လှပထင်ရှားတဲ့ ဓါတ်ပုံတစ်ပုံရရှိဖို့ အမြဲတမ်း နေရောင်ခြည်ကောင်းတဲ့အချိန်ကို စောင့်နေဖို့ မလိုအပ်ပါဘူး။ တစ်ခါတစ်ရံမှာ အုံ့မှိုင်းနေတဲ့မိုးသားတွေနဲ့ တိမ်ထူထူတွေဟာလည်း ပိုပြီး စိတ်ကူးယဉ်ဖွယ်ကောင်းတဲ့ ဓါတ်ပုံကောင်းတစ်ပုံကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။

(၅)နေကိုနောက်ခံထားပြီးရိုက်ကူးပါ

နေကို နောက်ခံထားပြီးရိုက်ကူးခြင်းက သင်ရိုက်ကူးမယ့် အရာဝတ္ထုတစ်ခုလုံးကို ပိုလို့ထင်ထင်ရှားရှား မြင်မြင်သာသာရှိအောင် ကူညီပေးပါလိမ့်မယ်။ တကယ်လို့ သင်ရိုက်ကူးမယ့်အရာက လူပုဂ္ဂိုလ်ဆိုရင် လူခန္ဓာကိုယ်ပေါ် နေရောင်တိုက်ရိုက်ကျရောက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ အလင်းရောင်တိုက်ရိုက်ကျရောက်ခြင်းက မမျှော်လင့်ထားတဲ့ အရိပ်တွေကိုသာမက တစ်ခါတစ်ရံ နေရောင်ခြည်ကြောင့် မျက်လုံးအနေအထား မမှန်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

(၆) တတ်နိုင်သမျှငြိမ်အောင်ထားပါ

အကယ်လို့ သင့်မှာ ကင်မရာထောက်တိုင် မပါဘူးဆိုပါစို့။ ကင်မရာကို ဘယ်ဘက်လက်က ကိုင်ပြီး ညာဘက်လက်မနဲ့ ခလုပ်ကိုနှိပ်ကာ ရိုက်ကူးနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်(phone screen) ပေါ်ကနေ လက်ကို ရုတ်သိမ်းပြီးမှသာ ကင်မရာက ပုံရိပ်ကို တိကျသေချာစွာ ဖမ်းယူမှာဖြစ်တဲ့အတွက်ကြောင့် သင့်လက်ကို မလှုပ်ရှားစေဖို့ အထူးသတိပြုသင့်ပါတယ်။

 

Ref: www.rd.com

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top