ခင်ပွန်းဖြစ်သူလို လေယာဉ်ပျက်ကျတဲ့အဖြစ်ဆိုးမျိုး ကြုံခဲ့ရတဲ့ လေယာဉ်မှူး

17-1-2023-yyl-138.jpg

ဇန်နဝါရီ ၁၅ ရက်နေ့က နီပေါနိုင်ငံမှာ ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်ကို ပျံသန်းမောင်းနှင်ခဲ့တဲ့ တွဲဖက်လေယာဉ်မှူး အန်ဂျူ ခါတီဝါဒါက သူ့ခင်ပွန်းဖြစ်သူလို အဖြစ်မျိုးကြုံခဲ့ရတာပါ။ သူ့ခင်ပွန်းကလည်း လေယာဉ်မှူးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၇ နှစ်က Yeti လေကြောင်းလိုင်းရဲ့ Twin Otter လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တာပါ။

အန်ဂျူ ခါတီဝါဒါက သူ့ခင်ပွန်းသေဆုံးပြီးနောက် အသက်အာမခံကနေ ရရှိခဲ့တဲ့ငွေတွေနဲ့ လေယာဉ်မှူးသင်တန်းတက်ရောက်ခဲ့တာပါ။ သူ့ခင်ပွန်း သေဆုံးပြီး (၄) နှစ်အကြာ ၂၀၁၀ ခုနှစ်မှာ သူ့ခင်ပွန်းရဲ့ခြေရာအတိုင်းလိုက်ပြီး နီပေါနိုင်ငံရဲ့ Yeti Airlines ထဲ ဝင်ရောက်ခဲ့တာပါ။

တနင်္ဂနွေနေ့က ခတ္တမန္ဒူမြို့ကနေ ပျံသန်းလာပြီး ပိုခါရာလေဆိပ်အနီး ချောက်အတွင်း ပျက်ကျကာ မီးလောင်သွားခဲ့တဲ့ ATR 72 Yeti လေယာဉ်ပေါ်မှာ ခါတီဝါဒါဟာ တွဲဖက်လေယာဉ်မှူးဖြစ်ခဲ့ပါတယ်။ ဒီလေယာဉ်ပျက်ကျမှုမှာ လက်ရှိအချိန်အထိ လူ (၆၈) ဦးသေဆုံးခဲ့ပြီး နီပေါနိုင်ငံရဲ့ဆယ်စုနှစ် (၃) စုအတွင်း လူသေဆုံးမှုအများဆုံးလေယာဉ်မတော်တဆမှုဖြစ်ခဲ့ပါတယ်။ လေယာဉ်ပေါ်ပါ လူ (၇၂) ဦးမှာ ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူမတွေ့ရှိသေးဘူးလို့ သတင်းမှာဖော်ပြပါတယ်။

ပျံသန်းချိန် နာရီပေါင်း ၆၄၀၀ ကျော်ရှိခဲ့တဲ့ လေယာဉ်မှူး ခါတီဝါဒါက အရင်ကလည်း နာမည်ကြီးခရီးသွားလမ်းကြောင်းဖြစ်တဲ့ ခတ္တမန္ဒူမြို့ကနေ ပိုခါရာမြို့ဆီလေယာဉ်ပျံသန်းခဲ့ဖူးပါတယ်။ လေယာဉ်ကပ္ပတိန်ခါမယ် ကေစီရဲ့ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပေမဲ့ ခါတီဝါဒါရဲ့ရုပ်အလောင်းကို မတွေ့ရှိသေးဘူးလို့ သိရပါတယ်။

ရာသီဥတုကောင်းတဲ့အချိန်မှာ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို သိရဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေကို အကူအညီပေးမယ့် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် နဲ့ လေယာဉ်မှူးအခန်းထဲက အသံမှတ်တမ်းတွေကို ရှာဖွေရေးအဖွဲ့တွေဟာ တနင်္လာနေ့က တွေ့ရှိခဲ့ပါတယ်။ ပျက်ကျရတဲ့အကြောင်းအရင်းကို မသိရှိရသေးပါဘူး။

နီပေါနိုင်ငံမှာ ၂၀၀၀ ခုနှစ်ကစပြီး လေယာဉ်/ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူပေါင်း ၃၅၀ နီးပါးသေဆုံးခဲ့ပါတယ်။

Ref: Pilot Couple Killed In Air Crashes In Nepal, 16 Years Apart

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top