တီရှပ်နဲ့ ဘောင်းဘီတို ဝတ်ပြီး လူ ၃၃၀ ကျော်ကို ဘေးကင်းရာ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ လေယာဉ်မှူး

16.8.23-yyl-5.jpg

လေယာဉ်မှူး အက်ကယ်ကမ့်တို့ မိသားစုက ဟာဝိုင်အီကျွန်းကို အပန်းဖြေခရီးထွက်ကြတယ်။ သူတို့ခရီးထွက်တော့မှပဲ ဟာဝိုင်အီကျွန်းစုမှာရှိတဲ့ မာဝီကျွန်းပေါ်မှာ တောမီးအကြီးအကျယ် လောင်တယ်။ နံနက် ၄ နာရီလောက်မှာ လေပြင်းတွေတိုက်ပြီး ဓာတ်တိုင်တွေ လဲကုန်လို့ သူတို့တည်းခိုတဲ့ ဟိုတယ်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတယ်။

အဲဒီတော့ အထုပ်အပိုးတွေသိမ်းပြီး လေဆိပ်ဆင်းဖို့ ပြင်တယ်။ ဒါပေမဲ့ ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားတော့ အခက်ကြုံတော့တာပေါ့။ ကာဟူလွေလေဆိပ်ကို ရောက်ဖို့ သမိုင်းဝင် လာဟိုင်နာမြို့ကို ဖြတ်မောင်းရတယ်။ သူတို့ ဖြတ်လာပြီး နာရီပိုင်းကြာတော့ လာဟိုင်နာတစ်မြို့လုံး မီးလောင်ပြာကျသွားတယ်။ သူတို့ ထွက်လာတာသာ နောက်ကျရင် မီးထဲမှာ အသက်ဆုံးရှုံးရလိမ့်မယ်။

လေဆိပ်ကို ရောက်သွားတော့ သူတို့လိုက်ပါမယ့် လေကြောင်းခရီးစဉ်က အချိန်ရွှေ့ထားတယ်။ လေယာဉ်အမှူထမ်းတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေလို့ ခရီးစဉ် စီစဉ်ဖို့ မဖြစ်နိုင်တာကြောင့် နောက်နေ့ကို ရွှေ့လိုက်ရတာပါ။ အဲဒီနေ့ကတော့ သူတို့မိသားစုတွေ လေဆိပ်မှာပဲ အိပ်လိုက်ရတယ်။ နောက်နေ့ ရောက်တော့လည်း လေကြောင်းခရီးစဉ် ပျံသန်းဖို့က မသေချာသေးဘူး။

ဘာလို့လဲဆိုတော့ လေယာဉ်မှူးတွေက သတ်မှတ်ပျံသန်းချိန် ကျော်လွန်အောင် မောင်းထားရတယ်။ ဒီတော့ အက်ကယ်ကမ့်က ယူနိုက်တက်လေကြောင်းလိုင်းမှာ သူနဲ့သိတဲ့ လေယာဉ်မှူးဆီ စာပို့တယ်။ ”မင်းတို့ အကူအညီလိုနေရင် ငါ ဝင်မောင်းပေးမယ်”ပေါ့။

သူတို့ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ ထွက်ခွာဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ လေယာဉ်အမှုထမ်းတွေက ကျွန်းပေါ်ကို ရောက်မလာကြသေးလို့ ည ၈ နာရီမှ ထွက်ခွာဖို့ အချိန်ရွှေ့လိုက်ရတယ်။ ပြီးတော့ လေယာဉ်မှူး ၂ ယောက်ထဲမှာ တစ်ယောက်က ပျံသန်းချိန် ကျော်လွန်နေတော့ ခရီးစဉ်ကို အချိန်ထပ်ရွှေ့ရဖို့ ဖြစ်နေတယ်။

ဒီတော့ ယူနိုက်တက်လေကြောင်းလိုင်းရဲ့ အမှုထမ်းတွေက အက်ကယ်ကမ့်ကို လေယာဉ်မောင်းပေးဖို့ ဆက်သွယ်လာကြတယ်။ မာဝီကျွန်းကနေ ဆန်ဖရန်စစ္စကိုကို ပျံသန်းဖို့ပေါ့။ အက်ကယ်ကမ့်ကလည်း လက်ခံလိုက်တယ်။ ခရီးထွက်လာတာဆိုတော့ လေယာဉ်မှူးဝတ်စုံလည်း သူ့မှာ မပါဘူး။ ပိုလိုတီရှပ်၊ ဘောင်းဘီတိုနဲ့ တင်းနစ်ဖိနပ်စီးပြီး လေယာဉ်ဝင်မောင်းခဲ့တာပါ။

မာဝီကျွန်းကနေ ပျံသန်းလာတာ ဒန်ဗာမြို့ကို တစ်ထောက်ဆင်းသက်တဲ့အချိန်ရောက်တော့ အက်ကယ်ကမ့်က လေယာဉ်စက်ခန်းထဲက ထွက်လာပြီး ခရီးသည်တွေကို နှုတ်ဆက်တယ်။ ခရီးသည်တွေကတော့ ဒီလေကြောင်းခရီးစဉ်နောက်ကွယ်က ကိစ္စတွေကို မသိလို့ ” ဒီလူက ငါတို့ကို ဘာလို့ လိုက်နှုတ်ဆက်နေတာလဲ” ဆိုပြီး ကြောင်အမ်းအမ်းနဲ့ ကြည့်နေကြတာပေါ့။

အက်ကယ်ကမ့်က မာဝီကျွန်းပေါ်က လူ ၃၃၀ ကို ဘေးကင်းရာ ပို့ဆောင်ပေးနိုင်ခဲ့တယ်။ အဲဒီလူတွေ ဘေးမသီ ရန်မခ အိမ်ပြန်နိုင်ခဲ့တာ သူ့ကျေးဇူးကြောင့်လို့ ဆိုနိုင်တယ်။ မာဝီကျွန်းပေါ်က တောမီးလောင်ကျွမ်းမှုမှာ လူ ၁၀၆ ဦး သေဆုံးတယ်လို့ အတည်ပြုထားပြီး ပျောက်ဆုံးသူ ရာနဲ့ချီ ရှိနေဆဲပါ။ ဒါဟာ အမေရိကန်သမိုင်းမှာ နှစ် ၁၀၀ ကျော်အတွင်း လူသေဆုံးမှုအများဆုံး မီးလောင်ကျွမ်းမှုလည်း ဖြစ်ပါတယ်။

Ref: Pilot vacationing on Maui volunteered to fly plane as fires raged, helping 330 people get off the island

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top