လူနာတွေပြုံးပျော်ရွှင်စေဖို့ ချစ်စရာဝတ်စုံတွေဝတ်ပြီး သွားတွေစစ်ဆေးပေးလေ့ရှိတဲ့ သွားဆရာဝန်မ

21.2.2023-image-4.jpg

သွားဆေးခန်းလာပြရတာ မကြိုက်တဲ့သူတွေ စိတ်သက်သာရာရပြီး ပြုံးပျော်ရွှင်စေဖို့ အမြဲကြိုးစားလေ့ရှိတဲ့ သွားဆရာဝန်တစ်ယောက်ရှိပါတယ်။ သူဟာ မြောက်ကာရိုလိုင်းနားပြည်နယ်က သွားဆရာဝန်မ ဂျူဒီ ကော်နယ်လီဆန်ဆိုသူပါ။ ဂျူဒီက သွားဆေးခန်းလာရတာ လူတွေမကြိုက်တာကို သူ သိတာကြောင့် သူ့ဆီလာတဲ့ လူနာတွေကို စိတ်သက်သာရာရပြီး ပြုံးပျော်ရွှင်စေဖို့အတွက် ချစ်စရာကောင်းတဲ့၊ ရယ်စရာကောင်းတဲ့ဝတ်စုံတွေကို ဝတ်ပြီး သွားတွေစစ်ဆေးကုသပေးဖြစ်ခဲ့ပါတယ်။

လူနာတစ်ယောက်က နှစ်သစ်ကူးအကြိုပါတီတစ်ခုကနေ ဦးထုပ်တစ်ခုကို သူ့ဆီယူလာခဲ့တဲ့အချိန် ၁၉၉၄ ခုနှစ်မှာစပြီး ချစ်စရာဝတ်စုံတွေ၊ ရယ်စရာဝတ်စုံတွေ ဝတ်ဖို့ဖြစ်လာခဲ့တာပါ။ ဂျူဒီက အဲဒီဦးထုပ်ကို လူနာယူလာတဲ့နေ့မှာ ဝတ်ဖြစ်ခဲ့တယ်။ အဲဒီလိုဝတ်တာက လူနာတွေရဲ့အမူအရာတွေကို ပြောင်းလဲသွားစေခဲ့တယ်။ လူနာတွေကို စိတ်ငြိမ်စေခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

နောက်တော့ ဂျူဒီ ဝတ်တဲ့ ဝတ်စုံတွေက သွားနတ်သားဝတ်စုံအပါအဝင် များလာခဲ့ပါတယ်။ သူက လူနာရဲ့သွားတွေသန့်စင်ပေးတဲ့အချိန်ဆို လူနာတွေ စိတ်သက်သာရာရစေဖို့ဝတ်ထားတဲ့ ဝတ်စုံကို ချွတ်ထားပါတယ်။ ဟာသဦးထုပ် (ဒါမှမဟုတ်) မျက်မှန်ကိုပဲ ဆက်ပြီး ဝတ်ထားပါတယ်။

“သွားဆရာဝန်ကို လူတွေ အရမ်းကြောက်ကြတာကို နားမလည်နိုင်ဘူး။ ဒါပေမဲ့ သူတို့ သွားဆေးခန်းကနေ ထွက်မသွားခင် အနည်းဆုံး တစ်ခါလောက်တော့ သူတို့ကို ပြုံးအောင် လုပ်ပေးနိုင်တာက ကျွန်မကို ပျော်ရွှင်ရစေပါတယ်”လို့ လွန်ခဲ့တဲ့ ၁ နှစ်ခွဲက အငြိမ်းစားယူခဲ့ပေမဲ့ သွားဘက်ဆိုင်ရာရုံးတွေမှာ ခေတ္တတာဝန်ထမ်းဆောင်နေဆဲ အသက် ၇၀ အရွယ် ဂျူဒီက ဆိုပါတယ်။

Ref: North Carolina Dental Hygienist Wears Cute Costumes to Work

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top