ဘန်ကောက်မြို့အနီးနား တောထဲ လူ ၉ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စီးပျက်ကျ

23.8.2024-yyl-1.jpg

ကြာသပတေးနေ့က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်အနီးမှာ လူ ၉ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရှာဖွေရေးအဖွဲ့က ညဉ့်နက်ပိုင်းအထိ ရှာဖွေရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ရပါတယ်။

လေယာဉ်ပေါ်ပါလာခဲ့တဲ့ တရုတ်လူမျိုး ခရီးသည် ၅ ဦးနဲ့ ထိုင်းလူမျိုး ခရီးသည် ၂ ဦးနဲ့အတူ ထိုင်းလေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ပြီးလို့ ယူဆရပါတယ်။ အဲ့ဒီလေယာဉ်ငယ်က မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှာ ဘန်ကောက်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ Trat လေဆိပ်ဆီ ဦးတည်ထွက်ခွာခဲ့တာပါ။ လေယာဉ်ထွက်ခွာပြီး ၁၀ မိနစ်လောက်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။

Bang Pakong ခရိုင်မှာ နေထိုင်သူတွေက လေယာဉ်တစ်စီး ကောင်းကင်ပေါ်ကနေ ပြုတ်ကျပြီး ကျယ်လောင်စွာပေါက်ကွဲသွားကာ အပျက်အစီးတွေက အနီးနားက နေအိမ်တွေကို ပျက်စီးစေခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လေယာဉ်ပျက်ကျရခြင်းအကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

လေယာဉ်အပိုင်းအစတွေကို ခန္ဓာကိုယ်အစိတ်အပိုင်း ၇၀ နီးပါးနဲ့အတူ ရွံ့တောထဲမှာ ပြန့်ကျဲနေတာ တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒါတွေကို စစ်ဆေးဖော်ထုတ်ဖို့ ရဲဆေးရုံကို ပို့ဆောင်ထားပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးအခက်အခဲကြောင့် ရှာဖွေရေးမှာ နာရီတော်တော်ကြာ နှောင့်နှေးခဲ့ရပါတယ်။ လေယာဉ်က လေမုတောတစ်ခုအတွင်း ပျက်ကျခဲ့ပြီး အနီးနားက မြစ်တစ်စင်းကြောင့် မြေသားက စိုစွတ်နေပါတယ်။ မြစ်ရဲ့ဒီရေတက်မှုကြောင့် ရှာဖွေရေးမှာ ကယ်ဆယ်ရေးအဖွဲ့တွေကို ပိုမိုခက်ခဲစေခဲ့ပါတယ်။ ရှာဖွေမှုကို နံနက် ၂ နာရီမှာ ရပ်တန့်ခဲ့ပြီး သောကြာနေ့မနက်မှာ ပြန်လည်စတင်ခဲ့ပါတယ်။

အာဏာပိုင်တွေက လေယာဉ်ပျက်ကျရခြင်းအကြောင်းအရင်းကို သိရဖို့ လေယာဉ်အပျက်အစီးတွေကို ခွဲခြမ်းစိတ်ဖြာသွားမှာဖြစ်ပါတယ်။ လေယာဉ်မှာ Black Box မပါရှိဘဲ လေကြောင်းသွားလာမှုထိန်းချုပ်ရေးနဲ့ တိုက်ရိုက်ဆက်သွယ်ထားတယ်လို့ သိရပါတယ်။

Ref: Plane carrying 9 people crashes in forest near Thailand’s capital

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top