နိုင်ငံတကာခရီးသည် သန်းချီလာလေ့ရှိတဲ့ ဘာလီကျွန်းကို တစ်နှစ်အတွင်း ခရီးသည် ၄၅ ယောက်သာ လာခဲ့

17.12.2021yyl9.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်လွှားက အထင်ကရနေရာတွေမှာ ခရီးသည်ဝင်ရောက်မှု သိသိသာသာ ကျဆင်းခဲ့ပေမဲ့ အင်ဒိုနီးရှား ဘာလီကျွန်းကတော့ ထိခိုက်မှုအများဆုံး နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကမ္ဘာတစ်လွှားက ခရီးသည်တွေကြား ရေပန်းစားတဲ့ ဘာလီကျွန်းဟာ အရင်တုန်းက နိုင်ငံတကာခရီးသည် သန်းချီဝင်ရောက်လေ့ရှိပေမဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ ခရီးသည် ၄၅ ယောက်ပဲ လာရောက်ခဲ့ပါတယ်။ ဒါဟာ မျက်မှောက်ခေတ်ကာလမှာ နိုင်ငံတကာခရီးသည် ဝင်ရောက်မှုအနည်းဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

ဘာလီကျွန်းရဲ့ ငုရာရိုင်နိုင်ငံတကာလေဆိပ်ကို တစ်နှစ်ပတ်လုံးနီးပါး ပိတ်ထားခဲ့ပေမဲ့ နိုင်ငံတကာခရီးသည်တွေက ကိုယ်ပိုင်ရွက်လှေတွေနဲ့ ဘာလီကျွန်းကို ရောက်လာခဲ့ကြတာပါ။အောက်တိုဘာလ ၁၄ ရက်မှာ ငုရာရိုင် နိုင်ငံတကာလေဆိပ်ကို တရားဝင် ပြန်ဖွင့်ပေးခဲ့ပေမဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေပဲ ဆိုက်ရောက်ပျံသန်းနေပြီး အထူးသဖြင့် ဂျကာတာကနေ ပျံသန်းလာကြတာ ဖြစ်ပါတယ်။

ဘာလီကျွန်းကို လာချင်တဲ့ ခရီးသည်တွေဟာ ပြည်ဝင်ခွင့်ရဖို့ တင်းကျပ်တဲ့ ကိုဗစ်စည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့ လိုအပ်ပြီး အမေရိကန်ဒေါ်လာ ၃၀၀ ကုန်ကျတဲ့ စီးပွားရေးလုပ်ငန်းဗီဇာ လျှောက်ထားရပါတယ်။ ဒါ့အပြင် PCR test စစ်ဆေးမှုတွေ လုပ်ရပြီး အထူးကျန်းမာရေးအာမခံလည်း ဝယ်ယူရပါသေးတယ်။ ဒါ့အပြင် တိုက်ရိုက်ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေ မရှိလို့ လေယာဉ်ခကလည်း ပုံမှန်ထက် ပိုကြီးပါတယ်။

ပြည်ပခရီးသည်တွေနဲ့ပတ်သက်ပြီး ဘာလီကျွန်းရဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးစည်းမျဉ်းတွေကို အင်ဒိုနီးရှားဗဟိုအစိုးရက ဆုံးဖြတ်တာဖြစ်ပြီး အစောပိုင်းမှာ ကွာရန်တင်းကာလ တိုတောင်းပေမဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို စိုးရိမ်လို့ မကြာသေးခင်မှာ ကွာရန်တင်းကာလကို တိုးမြှင့်ခဲ့ပါတယ်။

Ref: CNN “Bali only received 45 international tourists in 2021 despite reopening”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top