သေနတ်သမားကို ဝင်လုံးပြီး တခြားသူတွေကို အသက်စွန့်ကာကွယ်ပေးခဲ့တဲ့ ဆရာဝန်

18-5-2022-yyl-23.jpg

ဒေါက်တာ ဂျွန်ချန်းသာ အသက်စွန့်ပြီး သေနတ်သမားကို ဝင်မလုံးခဲ့ဘူးဆိုရင် ဘုရားကျောင်းပစ်ခတ်မှုဖြစ်စဉ်မှာ အသက်ဆုံးရှုံးရမယ့်သူ မနည်းပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ထိုင်ဝမ်ဘုရားကျောင်း(Geneva Presbyterian Church) မှာ သင်းအုပ်ဆရာ ထိုင်ဝမ်ကနေ ပြန်လာတဲ့ အထိမ်းအမှတ်အဖြစ် သက်ကြီးရွယ်အို ဝတ်ပြုဆုတောင်းသူတွေ နေ့လယ်စာစားပွဲ ကျင်းပနေတုန်း ဒေးဗစ်ချူဆိုတဲ့ သေနတ်သမား ဝင်လာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

သေနတ်သမားက ပစ်နေတဲ့ကြားကနေ ဒေါက်တာဂျွန်ချန်းက သူ့ကို အတင်းဝင်လုံးခဲ့လို့ တခြားသူတွေက သေနတ်သမားကို ဝိုင်းဖမ်းနိုင်ခဲ့ကြတာပါ။ ဒေါက်တာဂျွန်ချန်းက ဝင်လုံးချိန်မှာ သေနတ်‌ပြောင်းအတွင်း ကျည်ညပ်နေလို့လည်း ကံသီသွားခဲ့တာပါ။ သင်းအုပ်ဆရာ ဘီလီချန်းက သေနတ်သမားကို ထိုင်ခုံနဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပြီး တခြားသူတွေက ဝါယာကြိုးခွေနဲ့ ကြိုးတုပ်ပြီး သူ့ဆီက သေနတ် ၂ လက်ကို သိမ်းဆည်းခဲ့ကြပါတယ်။

” သေနတ်ထဲမှာသာ ကျည်မညပ်နေဘူးဆိုရင် သံသယရှိသူ ဒေးဗစ်ချိူက ဘုရားကျောင်းထဲမှာရှိသူအားလုံးကို သတ်ဖို့ အသင့်ပါပဲ” လို့ အောရိန့်ကောင်တီရဲ့ ခရိုင်ရှေ့နေ တော့ဒ်စပစ်ဇာက ပြောပါတယ်။ ဒေးဗစ်ချိူက ဘုရားကျောင်းတံခါးကို အတွင်းကနေ သံကြိုးတွေ ကော်တွေနဲ့ ပိတ်ထားခဲ့ပြီး ဓာတ်ဆီဗုံးတွေ၊ ကျည်ဆန်တွေ ထည့်ထားတဲ့ အိတ်တစ်လုံးလည်း ယူလာခဲ့ပါသေးတယ်။

တခြားသူတွေရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပေမဲ့ ဒေါက်တာဂျွန်ချန်းကတော့ သေနတ်ဒဏ်ရာတွေကြောင့် အခင်းဖြစ်ပွားရာနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ဒေါက်တာဂျွန်ချန်းဟာ outh Coast Medical Group မှာ မိသားစုဆရာဝန်၊ အားကစားဆိုင်ရာ ဆရာဝန်အဖြစ် ဆောင်ရွက်နေသူပါ။

သူ့အဖေက တက္ကဆက်ပြည်နယ်ရဲ့ မြို့ငယ်လေးတစ်ခုမှာ ဆရာဝန်အဖြစ် အသက်မွေးခဲ့သူဖြစ်ပြီး လူနာတွေနဲ့ သူ့အဖေကြားက ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး၊ အပြန်အလှန် မေတ္တာထားမှုတွေကို မြတ်နိုးတဲ့အတွက် သူ့အဖေလိုပဲ ဆရာဝန်ဘဝကို ရွေးချယ်ခဲ့သူပါ။ ဒေါက်တာဂျွန်ချန်းမှာ ဇနီးနဲ့ ရင်သွေး ၂ ယောက် ကျန်ရစ်ခဲ့ပြီး တစ်ယောက်ကတော့ သိပ်မကြာခင် အထက်တန်းကျောင်း ပြီးဆုံးတော့မှာပါ။

” ဒီဖြစ်ရပ်မှာ ဒေါက်တာချန်းက သူရဲကောင်းပါပဲ။ သူသာ ဘာမှမလုပ်ခဲ့ဘူးဆိုရင် လူအများကြီး သေဆုံးသွားနိုင်ပါတယ်”လို့ အောရိန်စီရင်စုရဲ့ တရားဥပဒေစိုးမိုးရေးအရာရှိ ဒေါ်နယ်ဘန်းစ်က ပြောပါတယ်။ ဒီဖြစ်ရပ်မှာ ဒေါက်တာဂျွန်ချန်း တစ်ဦးတည်း အသက်ဆုံးရှုံးခဲ့ပြီး အသက် ၆၆ နှစ်ကနေ ၉၂ နှစ်ကြားအရွယ်ရှိတဲ့ အမျိုးသား ၄ ဦးနဲ့ အသက် ၈၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

သံသယရှိသူ ဒေးဗစ်ချိူဟာ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ြ့ား နိုင်ငံရေးတင်းမာမှု ဖြစ်ပွားနေတာကို စိတ်ပျက်နေပြီး နိုင်ငံရေးလှုံ့ဆော်မှုကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ သူ့ကို လူသတ်မှုအပြင် တခြားစွဲချက် ၉ ခုနဲ့ စွဲချက်တင်ထားပါတယ်။

Ref: CNN ” This hero doctor charged a gunman at a church service and prevented further bloodshed, officials say”

Nz( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top