ပိုလာဝက်ဝံပေါက်လေး (၂) ကောင်ကို မိခင်က လက်မခံလို့ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေက မိခင်သဖွယ်ပြုစုနေရ

20-1-2021-yyl-09.jpg

တိရစ္ဆာန်ဥယျာဉ်တစ်ခုက ဝန်ထမ်းတွေကတော့ ပိုလာဝက်ဝံပေါက်လေး (၂) ကောင်ကို သူ့ရဲ့မိခင်ပိုလာဝက်ဝံမကြီးက လက်မခံဘဲ ပစ်ပယ်ထားတဲ့အတွက် မိဘတွေအဖြစ် ပြုစုစောင့်ရှောက်ပေးနေရပါတယ်။ အခုဆိုရင် (၇) ပတ်သားအရွယ်သာရှိသေးတဲ့ ပိုလာဝက်ဝံပေါက်လေး (၂) ကောင်ဟာ ရှရှားနိုင်ငံ၊ Gelendzhik ဆာဖာရီဥယျာဉ်က ဝန်ထမ်း (၆) ဦးရဲ့ ၂၄ နာရီဂရုစိုက်စောင့်ရှောက်မှုကို ခံနေရပါပြီ။ ဝန်ထမ်းတွေက သူတို့လေးတွေကို သားသမီးတွေလို ပိုးမွေးသလို မွေးနေရပါတယ်။

ပိုလာဝက်ဝံပေါက်လေးတွေကို မွေးကင်းစကလေးတွေလိုပဲ နို့တိုက်ကျွေးတာ အပါအဝင် လသားအရွယ်မှာ ဂရုစိုက်ပေးရမယ့်အရာမှန်သမျှကို လုပ်ပေးနေရတာဖြစ်ပါတယ်။ လူသားတွေက ပိုလာဝက်ဝံပေါက်လေးတွေကို နို့တိုက်ကျွေးပြီး ပြုစုပျိုးထောင်ပေးတယ်ဆိုတာက ရှားပါးလှပါတယ်။ သူတို့လေးတွေ ကျန်းမာပျော်ရွှင်စွာနဲ့ နေထိုင်သွားလာနိုင်တဲ့အထိ ဂရုစိုက်စောင့်ရှောက်ပေးရမှာမို့ပါ။

(၇) နှစ်အရွယ် ပိုလာဝက်ဝံမကြီးက သူ့ရဲ့ဝက်ဝံပေါက်လေးတွေကို မိခင်တစ်ယောက်လိုပြုမူမပေးဘဲ ငြင်းပယ်နေလို့ ဝန်ထမ်းတွေက ဝက်ဝံလေးတွေရဲ့မိခင်သဖွယ် နေပေးခဲ့ရတာပါ။ ဝက်ဝံမကြီးက ကလေးတွေကို နို့တိုက်ပေးဖို့ ငြင်းဆန်နေတာကြောင့် ဝန်ထမ်း (၆) ဦးက ဝက်ဝံပေါက်လေးတွေကို မွေးကင်းစားကလေးတွေလို အချိန်ပြည့်ကြည့်ပေးကာ နို့တိုက်ကျွေးပေးနေရပါတယ်။ ဒါပေမဲ့ ပိုလာပေါက်လေးတွေရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် ဝက်ဝံမကြီးဆီကနေ သွေးတော့ ရယူနိုင်ခဲ့တယ်လို့ Gelendzhik ရဲ့ဒုဒါရိုက်တာက ပြောပါတယ်။

ပိုလာပေါက်လေးတွေက သူတို့ကို လူသားတွေက ပြုစုပေးနေတယ်ဆိုတာကို သိပုံမရပါဘူး။ လူသားတွေရဲ့အရေပြားနဲ့ အဝတ်အစားအနံ့ကိုတော့ သိကြပါတယ်။ အဲဒီအနံ့ရရင် သူတို့ရဲ့မိခင်လာပြီး အစားအစာစားရမယ်ဆိုတာတွေတော့ သိပါတယ်။ အရင်က ပိုလာပေါက်လေးတွေကို ဝန်ထမ်းတွေက ပြုစုစောင့်ရှောက်ပေးရတဲ့အဖြစ်မျိုး ဝန်ထမ်းတွေ မကြုံတွေ့ခဲ့ရဖူးဘူးလို့သိရပါတယ်။ မကြာသေးခင်ကမှ ပိုလာဝက်ဝံပေါက်လေးတွေက မျက်လုံးလေးတွေ ပွင့်လာခဲ့ပါပြီ။ (၃) လပြည့်ရင်တော့ ဝန်ထမ်းတွေက အပြင်မှာ လမ်းလျှောက်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref: Ladbible “Polar Bear Cubs Get Pampered By Zoo Staff After Being Rejected By Mother”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top