ဥရောပသမဂ္ဂရဲ့ မင်ပိတ်ပင်မှုကြောင့် တက်တူးလုပ်ငန်းထိခိုက်မှာကို တက်တူးပညာရှင်တွေ စိုးရိမ်နေ

5-2-2022-yyl3.jpg

မင်အရောင်စပ်ဖို့ အသုံးပြုတဲ့ ဓာတုပစ္စည်းထောင်ပေါင်းများစွာကို ဥရောပသမဂ္ဂက ပိတ်ပင်လိုက်တာဟာ သူတို့ရဲ့လုပ်ငန်းကို ထိခိုက်စေတယ်လို့ တက်တူးပညာရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ စတင်အကျုံးဝင်ခဲ့တဲ့ ကန့်သတ်ချက်တွေဟာ ကင်ဆာ (သို့) တခြားကျန်းမာရေးပြဿနာ ဖြစ်စေနိုင်တဲ့ အရာတွေကို ပိတ်ပင်တာဖြစ်ပြီး အဲဒီဓာတုပစ္စည်းတွေက မင်အရောင်စပ်ဖို့ အဓိကကျပါတယ်။ အခုလို စည်းမျဉ်းချမှတ်ခဲ့တဲ့အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး အများအပြားကို လျှော့ချနိုင်လိမ့်မယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ဒါပေမဲ့ အဲဒီဓာတုပစ္စည်းတွေနေရာမှာ အစားထိုးနိုင်မယ့် မင်တွေကို အလွယ်တကူ ရှာမရနိုင်ဘူးလို့ တက်တူးပညာရှင်တွေက စောဒကတက်ခဲ့ပြီး တက်တူးထိုးသူတွေ လိုချင်တဲ့ အရောင်တွေ မရတော့တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂက ပိတ်ပင်လိုက်တာဟာ Reach လို့ လူသိများတဲ့ ဓာတုပစ္စည်းတွေဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကတည်းက အဖွဲ့ဝင်နိုင်ငံအားလုံးက ပိတ်ပင်ဖို့ သဘောတူခဲ့တာပါ။ အခုပိတ်ပင်မှုမှာ မင်အရောင်စပ်ဖို့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ isopropanol alcohol အပါအဝင် ဓာတုပစ္စည်း အမျုး ၄၀၀၀ အပေါ် သက်ရောက်မှုရှိစေမှာပါ။ အဲဒီမင်တွေဟာ အရေပြားဓာတ်မတည့်မှု၊ မျိုးဗီဇပြောင်းလဲမှု၊ ကင်ဆာရောဂါ စတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တယ်လို့ ဥရောပဓာတုပစ္စည်းအေဂျင်စီက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ နှစ်ကြာ အခက်တွေ့ခဲ့တဲ့ တက်တူးလုပ်ငန်းမှာ အခုလို အပြောင်းအလဲလုပ်ဖို့ သူတို့ကို အချိန်လုံလုံလောက်လောက် မပေးခဲ့ဘူးလို့ တက်တူးပညာရှင်တွေက ဆိုပါတယ်။ အခုလို ပြောင်းလဲမှုဟာ တက်တူးလုပ်ငန်း တစ်စိတ်တစ်ပိုင်းကို ပိတ်ပင်လိုက်သလိုပဲလို့ ဟမ်းဘတ်မြို့က တက်တူးပညာရှင် မာကောစကီးက ပြောပါတယ်။

ဥရောပမှာ နေထိုင်သူတွေအနက် ၁၂ ရာခိုင်နှုန်းက တက်တူးထိုးထားကြပြီး လူကြီးတွေထက်စာရင် လူငယ်တွေထဲမှာ တက်တူးထိုးထားသူ ၂ ဆ ပိုများနိုင်တယ်လို့ ဥရောပသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဂျာမနီနိုင်ငံမှာ လူဦးရေရဲ့ ၅ ပုံ၊ တစ်ပုံက တက်တူးထိုးထားသူတွေဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း တက်တူးသစ်ထိုးသူ ၅ သိန်းရှိတယ်လို့ အစိုးရက ယုံကြည်ထားပါတယ်။

တက်တူးနဲ့ ကင်ဆာရောဂါ တိုက်ရိုက်ဆက်သွယ်နေကြောင်း အခိုင်အမာပြနိုင်တဲ့ သက်သေမရှိဘူးလို့ တက်တူးလုပ်ငန်းက ပြောခဲ့ပြီး အခုကန့်သတ်မှုတွေကြောင့် တက်တူးတွေကို မှောင်ခိုဈေးကွက်ထဲမှာပဲ ထိုးတာမျိုး ဖြစ်လာစေနိုင်တယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂဟာ အပြာနဲ့အစိမ်းစတဲ့ အခြေခံအရောင် ၂ ရောင်အတွက် အစားထိုးစရာ ရှာဖွေနိုင်အောင် အချိန်တစ်ခု သတ်မှတ်ပေးထားပေမဲ့ ၁ နှစ်အတွင်းမှာ နောက်ထပ်ကန့်သတ်ချက်တွေ ထပ်မံပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ်။

Ref: BBC “Europe’s tattoo artists fear for future after EU ink ban”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top