ဂျူတီချိန်အတွင်း သူကယ်တင်ခဲ့တဲ့ ခွေးလေးကို မွေးဖြစ်ခဲ့တဲ့ ရဲအရာရှိ

25-1-2021-yyl-15.jpg

နယူးဂျာဇီရဲအရာရှိတစ်ဦးကတော့ အခုလအစောပိုင်းမှာ သူနဲ့သူ့တွဲဖက်အဖွဲ့ဝင်တွေ ကယ်တင်ခဲ့တဲ့ (၁၄) ပတ်သား Pit Bull ခွေးလေးကို မွေးထားလိုက်ပါပြီ။ မက်သရူး အိုဟန်လွန် (Matthew O’Hanlon) ဆိုတဲ့ အဲဒီရဲအရာရှိက ဇန်နဝါရီ ၂ ရက်နေ့မှာ ကင်းလှည့်ရင်းနဲ့ ခွေးလေးကို ကယ်တင်ထားခဲ့တာပါ။ အခုတော့ သူ့အိမ်မှာပဲ တစ်သက်လုံးခေါ်ထားလိုက်ပြီး Thor လို့တောင် အမည်ပေးထားပြီးပါပြီ။ သူနဲ့သူ့ဇနီးလောင်းတို့က Marvel fan အကြီးစားကြီးတွေဖြစ်တဲ့အတွက် ခွေးလေးကို Thor လို့ အမည်ပေးဖြစ်ခဲ့တာပါ။

Thor မှာ ထူးခြားတဲ့အမှတ်အသားမရှိပေမဲ့ သူ့ရဲ့ခေါင်းမှာတော့ ဒဏ်ရာတစ်ခုရှိပါတယ်။ ခွေးလေးကို မက်သရူး ကယ်တင်ခဲ့စဉ်က ဆေးကုသမှုခံယူဖို့အတွက် သူ့ကို Burlington County တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ပို့ခဲ့ပါတယ်။ သူက ခွေးလေးကို တိရစ္ဆာန်ဂေဟာမှာ ထားခဲ့ပြီး မိနစ် ၂၀ အကြာမှာပဲ ဂေဟာကို ဖုန်းလှမ်းဆက်ပြီး မွေးမယ်လို့ ပြောဖြစ်ခဲ့တာပါ။

မက်သရူးက Thor ကို တိရစ္ဆာန်စောင့်ရှောက်ဂေဟာကနေ လာခေါ်ပြီး ခေါင်းက ဒဏ်ရာကို ကုသပေးဖို့အတွက် တိရစ္ဆာန်ဆေးကုခန်းကို ခေါ်သွားခဲ့ပါတယ်။ အဲဒီကတည်းက Thor ဟာ ပြန်လည်သက်သာလာပြီး သူ့ရဲ့မိသားစုအသစ်နဲ့ အိမ်မှာ ကောင်းကောင်းနေထိုင်နေပါတယ်။ Pit Bull ခွေးအမျိုးအစားတွေက ရန်ပြုတတ်တဲ့ခွေးတွေဆိုတဲ့ လူအများသိထားတဲ့နာမည်ဆိုးကို ဖယ်ရှားပစ်ချင်တယ်လို့ မက်သရူးက ပြောပါတယ်။

Pit Bull ခွေးတွေက သူ တွေ့ဖူးခဲ့တဲ့ ခွေးတွေထဲမှာ ချစ်စရာအကောင်းဆုံးနဲ့ ခင်မင်တတ်ပြီးကြင်နာတတ်ဆုံးခွေးတွေပါ။ ရန်ပြုတတ်တယ်ဆိုတဲ့ မကောင်းတဲ့ဂုဏ်သတင်းကြောင့် သူတို့ကို ဆိုးတယ်လို့ မြင်ကြတာကတော့ စိတ်မကောင်းစရာပါပဲလို့ မက်သရူးက ဆိုပါတယ်။ အခုဆိုရင် မက်သရူးက အလုပ်ကနေ ပြန်လာရင် မိသားစုဝင်တွေအပြင် Thor ကိုလည်း မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Ref: ABCNews “Police officer adopts injured puppy he rescued while on duty”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top