အိန္ဒိယနိုင်ငံမှာ COVID-19 ကြောင့် Lockdown လုပ်လိုက်တဲ့အတွက် လေထုညစ်ညမ်းမှုပမာဏထိုးကျသွားခဲ့

7-4-2020-yyl-020.jpg

ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ Lockdown တွေ လုပ်ဆောင်နေကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ တော်တော်လေး အလုပ်ပိသွားပါတယ်။ သူတို့တွေကတော့ ဗိုင်းရပ်စ်တွေကို ရှေ့တန်းကနေ တိုက်ဖျက်နေကြပါတယ်။ COVID-19 ကြောင့် ပြောင်းလဲသွားရတဲ့ အရာတွေရှိနေပါတယ်။ COVID-19 မဖြစ်ပွားခင်က လေထုညစ်ညမ်းမှုပြဿနာကို ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံတွေရှိပါတယ်။ အခုဆိုရင် လေထုညစ်ညမ်းမှု လျော့နည်းသွားပြီး ကောင်းကင်ကြီး ကြည်လင်နေပါတယ်။

လေထုညစ်ညမ်းမှုကို ရင်ဆိုင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံက အခြားနိုင်ငံတွေထက် အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက လေထုညစ်ညမ်းဆုံးလို့ IQAir AirVisualရဲ့ 2019 World Air Quality Report အရသိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကျော်က အိန္ဒိယအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့အတွက် Lockdown ချပစ်ခဲ့ကတည်းက နိုင်ငံသားတွေကို အိမ်မှာနေဖို့၊ လိုအပ်လို့ အိမ်ပြင်ထွက်ရမယ်ဆိုရင် လူတွေနဲ့ခပ်ခွာခွာနေဖို့ အိန္ဒိယအစိုးရ တောင်းဆိုထားပါတယ်။ စက်ရုံတွေ၊ ဈေးတွေ၊ စတိုးဆိုင်တွေ၊ ဝတ်ပြုတဲ့နေရာတွေကိုတောင် ယာယီပိတ်ထားရပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးအများစုကို ရပ်ထားရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားရပြီး တစ်နိုင်ငံလုံး တိတ်ဆိတ်ငြိမ်သက်သွားတာကို မမြင်တွေ့ရတာ ကြာလှပြီဖြစ်ပါတယ်။

ကုန်လမ်းသွားယဉ်တွေနဲ့ စက်ရုံကနေထွက်ရှိတဲ့ အန္တရာယ်ရှိလေထုညစ်ညမ်းမှုတွေဟာ အိန္ဒိယနိုင်ငံရဲ့နေရာတော်တော်များများမှာ လျော့နည်းသွားတယ်လို့ ဒေတာတွေက ပြသနေပါတယ်။ မြို့တော်နယူးဒေလီမှာ lockdown လုပ်တဲ့ပထမပတ်မှာ လေထုညစ်ညမ်းမှုပမာဏက ၇၁ ရာခိုင်နှုန်းလောက် ထိုးကျသွားခဲ့တယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။ လေထုညစ်ညမ်းမှုလျော့နည်းသွားတဲ့အတွက် ကောင်းကင်ကြီး ကြည်လင်လို့နေပါတယ်။ “ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက နယူးဒေလီမှာ အခုလိုအပြာရောင်ကောင်းကင်ကြီးကို မမြင်ခဲ့ရပါဘူး။ ဒီအကျပ်အတည်းတွေကြားမှာ အခုလိုဖြစ်လာခဲ့တာပါ”လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်း Care for Air ရဲ့ တည်ထောင်သူ Jyoti Oande Lavakare က ပြောပါတယ်။

Ref: Pollution Levels In India Drop Dramatically As The Country Faces The Biggest Lockdown In The World

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top