ရင်ဘတ်တစ်ခြမ်းကို တွေ့လို့တွေ့ငြား ရှာနေတာတွေ ရပ်လိုက်သင့်ပါပြီ

rr1.jpg

အချစ်ဇာတ်လမ်းတွေ ကြည့်ပြီး အချစ်ဝတ္ထုတွေ ဖတ်မိတဲ့အခါ ကိုယ့်ရဲ့ ရင်ဘတ်တစ်ခြမ်းက ဘယ်ဆီရောက်နေမလဲ တွေးမိတာမျိုး ဖြစ်တတ်ပါတယ်။ ခရီးသွားရင်း ဖူးစာဘက်နဲ့ အမှတ်မထင်ဆုံတဲ့ ရုပ်ရှင်ကားတွေ ကြည့်တဲ့အခါ ကိုယ် စီးလာတဲ့ ကားပေါ်မှာများ သူ ပါလာလေ မလားဆိုပြီး ရောက်တတ်ရာရာ တွေးမိတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါဆိုရင်တော့ မမြင်ရတဲ့ ရင်ဘတ်တစ်ခြမ်းကို ရှာနေတာမျိုး ရပ်လိုက်သင့်ပါပြီ။

တကယ်တော့ ဘဝအတွက် ပြီးပြည့်စုံတဲ့ အကောင်းဆုံး လက်တွဲဖော်ကို ရဖို့ မလွယ်ကြောင်း စိတ်ပညာရှင်တွေက စစ်တမ်းတွေကောက်ပြီး လေ့လာတွေ့ရှိခဲ့ပါတယ်။ လူတစ်ယောက်ကို ဘဝလက်တွဲဖော်လို့ ယုံကြည်ထားတဲ့အခါ အရာအားလုံးကို အပြစ်မမြင်တော့ဘဲ လွယ်လွယ်လေး တွေးလိုက်မိတာကြောင့် နှစ်ဦးကြား ပြဿနာ နည်းတယ်လို့ ထင်မှားနေကြတာပါ။ ဒါပေမဲ့ စင်းလုံးချော အဆင်ပြေနေတဲ့ ဆက်ဆံရေးမျိုးထက် နှစ်ဦးသားကြားက ပဋိပက္ခတွေကို ရင်ဆိုင်ဖြေရှင်းပြီး ရေရှည်လက်တွဲခိုင်တဲ့ ဆက်ဆံရေး ဖြစ်ဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။

လက်တွဲဖော် ဆိုတာကို သတ်မှတ်တဲ့အခါ ကိုယ့်အပေါ် ပြီးပြည့်စုံအောင် ဖန်တီးပေးတဲ့ လူတစ်ယောက်ကိုပဲ ရှာတာ များကြပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အခြားလူကို အငှားရှာတာထက် နှစ်ဦးသား တက်ညီလက်ညီ ချီတက်လို့ ရမယ့် လက်တွဲဖော်ကို ရွေးချယ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

စာရင်းတစ်ခု ပြုလုပ်ပါ

ကိုယ်ရှာဖွေနေတဲ့ ဘဝလက်တွဲဖော်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို စာရင်းပြုစုထားမယ်ဆိုရင် မှန်ကန်တဲ့ ဘဝလက်တွဲဖော်ကို ရွေးချယ်တဲ့အခါ လွယ်ကူပါတယ်။ မရေရာတဲ့ စိတ်ကူးတွေနဲ့ လေထဲတိုက်အိမ် ဆောက်မဲ့အစား တိကျတဲ့ အရည်အချင်းလေးတွေ သတ်မှတ်ထားတာက ပိုကောင်းပါတယ်။ ကိုယ်ရဲ့ မတော်ရသေးတဲ့ ဘဝလက်တွဲဖော်က နာမည်ကြီး ကုမ္ပဏီမှာ ရာထူးကြီးကြီးနဲ့ အလုပ်လုပ်နေတဲ့သူ ၊ ကားပိုင်တဲ့သူ ၊ ရုပ်ချောစမတ်ကျတဲ့သူ အဲ့လိုတွေ တွေးနေမဲ့အစား ကိုယ်နဲ့ ရေရှည် လက်တွဲဖို့ ဖြစ်နိုင်သူလား ၊ အကြင်နာတရား ရှိတဲ့သူလား ၊ နားလည်ပေးနိုင်စွမ်း ကြီးမားသူလား စတာတွေကို စဉ်းစားရမှာပါ။ ပြီးတော့ လူမျိုးနဲ့ ကိုးကွယ်တဲ့ ဘာသာကိုလည်း ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် ထားနိုင်ရင် ပိုကောင်းပါတယ်။

ပတ်ဝန်းကျင်မှာရှိတဲ့ စုံတွဲတွေကို လေ့လာပါ

ကိုယ့်ရဲ့ အနီးအနားမှာရှိတဲ့ စုံတွဲတွေကို လေ့လာတာက လက်တွေ့ကျပြီး မှန်ကန်တဲ့ အချစ်ရေး ဆုံးဖြတ်ချက်ကို ပေးပါတယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေထဲမှာ စုံတွဲတွေ ရှိတယ်ဆိုရင် သူတို့အချစ်ရေးကနေ ဘယ်လိုအချက်တွေကို အားကျလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ်မကြိုက်တဲ့ အချက်တွေကိုလည်း တစ်ပါတည်း ထည့်သွင်းစဉ်းစားရပါမယ်။ လူတွေက အမြဲတမ်းပျော်ရွှင်တဲ့ စုံတွဲတွေကို အားကျတတ်ပေမဲ့ တကယ်တမ်းတော့ ပြတ်သွားတဲ့ စုံတွဲတွေဆီက လေ့လာစရာ ပိုများပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဦးစားပေးပါ

ပျော်ရွှင်တဲ့ အချစ်ရေး ဖြစ်ဖို့က ကိုယ့်ကိုယ်ကိုယ် ဦးစားပေးဖို့ လည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ဘဝကွက်လပ်လေးတွေကို ဖြည့်ပေးမယ့် ဘဝလက်တွဲဖော်ကို ရှာတာထက် ကိုယ့်ကိုယ့်ကိုယ် ပြန်လည်ဆန်းစစ်ဖို့က ပိုအရေးကြီးပါတယ်။ ကိုယ်ရဲ့ ကိုယ်ပိုင်ဘဝ ကိုယ်က ဘယ်လိုလူမျိုး ဆိုတာကို ရာနှုန်းပြည့် သေချာသိထားမယ်ဆိုရင် အကောင်းဆုံးပါပဲ။

အချစ်ဆိုတာ ရှာလေ ဝေးလေပါ။ ဒီတော့ ရိုးရာလေး ပရိသတ်ကြီးလည်း ရင်ဘတ်တစ်ခြမ်းကို တွေ့လိုတွေ့ငြား ရှာဖွေမနေဘဲ အပေါ်က ပြောခဲ့တဲ့ အချက်လေးတွေကို လက်တွေ့လုပ်ကြည့်ရင်း ကိုယ့်ဆီရောက်လာမယ့် ရင်ဘတ်တစ်ခြမ်းနဲ့ အကောင်းဆုံး သင့်တော်မယ့် လက်တွဲဖော်ကောင်း ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Ref: time.com “Why You Should stop Trying to find your soulmate”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top