ကပ်ရောဂါပြီးသွားရင် ပလတ်စတစ် ညစ်ညမ်းမှု အန္တရာယ်ကို ကြုံတွေ့ရတော့မှာလား

29-7-2002-yyl-025.jpg

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးပြီးသွားရင် ပလတ်စတစ်ညစ်ညမ်းမှုကြီးကို ကျွန်တော်တို့တွေ ကြုံတွေ့ရတော့မှာလား။ သေချာတာကတော့ ကျွန်တော်တို့ အရင်ကမတွေ့ဖူးခဲ့တဲ့နည်းလမ်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာလမှာ အသုံးပြုခဲ့ရတဲ့ ပလတ်စတစ်တွေရဲ့ အန္တရာယ်ကနေ ပတ်ဝန်းကျင်ကို ကယ်တင်ရမှာဖြစ်ပါတယ်။ အရင်ကတည်းက ရှိခဲ့တဲ့ ပလတ်စတစ်ညစ်ညမ်းမှုက Lockdown ကာလ (၄) လအတွင်းမှာ တိုးလာခဲ့ပါတယ်။ ကပ်ရောဂါမဖြစ်ပွားခင်က သမုဒ္ဒရာတွေမှာ သောင်တင်နေတဲ့ တစ်ခါသုံးပလတ်စတစ်အသုံးပြုမှုကို နည်းအမျိုးမျိုးနဲ့ ဟန့်တားဖို့လုပ်ခဲ့ကြတာပါ။ တချို့နိုင်ငံတွေမှာဆိုရင် ပလတ်စတစ်အိတ်အသုံးပြုမှုကို တားမြစ်ပြီး လူတွေကို ဆွေးမြေ့ပျက်စီးနိုင်တဲ့စက္ကူ (သို့) ပြန်လည်အသုံးပြုလို့ရတဲ့ထုတ်ကုန်တွေ အသုံးပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့တာကြောင့် ပလတ်စတစ်အသုံးပြုမှုက ထင်မထားလောက်အောင် တိုးသွားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ပလတ်စတစ်က လူတွေကို အသက်သေစေနိုင်တဲ့ဗိုင်းရပ်စ်ကနေ ကာကွယ်ဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ကို ရှေ့တန်းက တွန်းလှန်နေတဲ့ ဝန်ထမ်းတွေအတွက်ပါ။ ဒါပေမဲ့ ဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် အဓိကအရေးကြီးတဲ့ပစ္စည်းတွေဖြစ်တဲ့ ပလတ်စတစ်Mask၊ လက်အိတ်နဲ့ လက်သန့်ဆေးရည်ဗူးတွေက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေအဖြစ် တိုးများလာခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ အွန်လိုင်းစနစ်ဝက်ဆိုက်နဲ့ စားသောက်ဆိုင်တွေကလည်း ဖောက်သည်တွေက ကူးစက်ရောဂါကို ကာကွယ်တဲ့အနေနဲ့ လိုင်းပေါ်ကနေ မှာစားတဲ့အခါမှာ စားသောက်ကုန်နဲ့ အစားအစာတွေကို ထုပ်ပိုးသိမ်းဆည်းဖို့အတွက် ပလတ်စတစ်ကို များစွာမှီခိုနေကြရပါတယ်။ ပြဿနာက ရောဂါကာကွယ်တဲ့အနေနဲ့ အသုံးပြုတဲ့ ပလတ်စတစ်ပစ္စည်းတွေ အားလုံးက ပလတ်စတစ်ညစ်ညမ်းမှုကို ဖြစ်စေနေတာပါ။ ချန်နိုင်းမြို့ရဲ့ စွန့်ပစ်ပစ္စည်းသန့်ရှင်းရေး ဝန်ဆောင်မှုတစ်ခုဆိုရင် တီရူချီမြို့နဲ့ အနီးနားနေရာတွေကနေ COVID-19 ကာလအတွင်း စွန့်ပစ်ပစ္စည်း (၃၀၀) ကီလိုဂရမ်ဝန်းကျင် နေ့တိုင်းစုဆောင်းရမိတယ်လို့ ဆိုပါတယ်။ သူတို့က မေလမှာ စွန့်ပစ်ပစ္စည်း (၈၀၀၀) ကီလိုဂရမ်နဲ့ ဧပြီလမှာ (၃၂၀၀) ကီလိုဂရမ် ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရည်ရွယ်ချက်မျိုးစုံနဲ့ တစ်ခါသုံးပလတ်စတစ်တွေအသုံးပြုနှုန်းက အနာဂတ်မှာ ပိုကြီးမားတဲ့ ကျန်းမာရေးပြဿနာဖြစ်နိုင်ချေကို တိုးလာစေနိုင်ပါတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းက သင့်ရဲ့နှလုံး၊ အစာခြေစနစ်၊ အသက်ရှုလမ်းကြောင်း၊ အာရုံကြောနဲ့ ကိုယ်ခံအားစနစ်မှာ ထိခိုက်စေနိုင်ပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှု မဖြစ်ဖို့အတွက် အဆိပ်သင့်စေတဲ့ပစ္စည်းတွေကို ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့၊ ပြန်လည်အသုံးပြုလို့ရတဲ့ အခြားပစ္စည်းတွေနဲ့ အလွယ်တကူ အစားထိုးလို့ရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားပါတယ်။ ဒီနည်းက ကျွန်တော်တို့ကမ္ဘာကြီးကို ညစ်ညမ်းမှုကင်းစင်သွားစေရုံသာမက အနာဂတ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ ပလတ်စတစ်ညစ်ညမ်းမှုကို လျော့ချတဲ့အခါမှာလည်း အောင်မြင်နိုင်မှာဖြစ်ပါတယ်။

Ref: After coronavirus, are we heading towards a pandemic of plastic pollution?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top