စတိုးဆိုင်တစ်ခုကနေ ဒုသမ္မတပုံပါမတ်ခွက်ကို သမ္မတဘိုင်ဒင်ဝယ်ယူပြီးနောက် ၃ နာရီအတွင်း ရောင်းကုန်သွားခဲ့

28-2-2022-yyl1.png

ဇန်နဝါရီ ၂၅ ရက်နေ့ အင်္ဂါနေ့က အမေရိကန်သမ္မတဂျိုး ဘိုင်ဒင်ရဲ့အချိန်ဇယားမှာ စျေးဝယ်ထွက်တာ၊ ရေခဲမုန့်စားတာလို သာမန်လည်ပတ်သွားလာတာတွေရှိခဲ့ပါတယ်။ ဝါရှင်တန်ဒီစီက Honey Made ဆိုတဲ့ ဆိုင်တစ်ခုမှာ ရောက်ရှိရင်း ဒုသမ္မတ ကာမလာဟဲရစ် (Kamala Harris) ပုံပါ မတ်ခွက်အပါအဝင် အမှတ်တရလက်ဆောင်ပစ္စည်းတချို့ ဝယ်ယူခဲ့တယ်ဆိုတာကို သမ္မတဘိုင်ဒင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သမ္မတဘိုင်ဒင်က အဲဒီဆိုင်ကနေ ပစ္စည်းတွေ ဝယ်ယူကာ အိမ်ကို ပြန်သွားပြီးတဲ့နောက် ၃ နာရီအတွင်း မတ်ခွက်တွေ ရောင်းကျသွားခဲ့ပါတယ်။

သမ္မတဘိုင်ဒင်က ဆိုင်ဝန်ထမ်းတွေနဲ့ အတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ Honey Made ဆိုင်ရဲ့ တရားဝင်အင်စတာဂရမ်အကောင့်မှာ သမ္မတ ဝယ်ယူသွားခဲ့တဲ့ သမ္မတကတော်အတွက် လည်ဆွဲ၊ မြေးဖြစ်သူအတွက် ဆွယ်တာနဲ့ ဒုသမ္မတပုံပါမတ်ခွက်တွေရဲ့ ပုံတွေကို တင်ခဲ့ပါတယ်။ နေ့ခင်း ၂ နာရီဝန်းကျင်မှာ ဆိုင်ကို သမ္မတ လာလည်ပြီးတဲ့နောက် ချက်ခြင်းပဲ မတ်ခွက်အပေါ် လူစိတ်ဝင်စားမှု တဟုန်ထိုးများလာခဲ့တယ်လို့ ဆိုင်ပိုင်ရှင် ဗီဘွန်ရာတာနာ မူ ဟန်နီ (Viboonrattana Mu Honey) က ပြောပါတယ်။ “အမျိုးသမီးတစ်ဦးက နေ့ခင်း ၃ နာရီ ဝန်းကျင်လောက်မှာ ဆိုင်ကို ဖုန်းဆက်လာပြီး အခုချက်ခြင်း မတ်ခွက်ကို ရနိင်မလားတဲ့။ သူက ချက်ခြင်းပဲ ငွေပေးချေချင်ခဲ့တယ်။ ဟုတ် ရပါတယ်။ မင်းရဲ့ နာမည်ကို မှတ်ထားလိုက်ပါပြီလို့ ကျွန်မ ဆက်တိုက်ပြောနေခဲ့တယ်”လို့ ဗီဘွန်ရာတာနာက ဆိုပါတယ်။

မတ်ခွက်အများကြီးမကျန်တော့ဘဲ ကျန်တဲ့ခွက်တွေကလည်း ၅ နာရီမှာ ရောင်းကုန်သွားခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတဘိုင်ဒင်ကလည်း ဒုသမ္မတပုံပါ မတ်ခွက်ကိုင်ထားတဲ့ ကာမလာ ဟဲရစ်နဲ့အတူ ရိုက်ထားတဲ့ပုံကို တင်ခဲ့ပါတယ်။ ” မနေ့က ကျွန်တော် ဝါရှင်တန်ဒီစီက စတိုးဆိုင်တစ်ခုကို သွားခဲ့ပြီး ဒါကို တွေခဲ့တယ်။ ဒါက စီးပွားရေးလုပ်ငန်းအသေးစားမှာ စျေးဝယ်ထွက်ရခြင်းရဲ့ အကောင်းဆုံးအပိုင်းပဲ။ မင်းရဲ့သူငယ်ချင်း ကြိုက်နိုင်မယ့် အရာတစ်ခုခုကို ဘယ်အချိန်တွေ့မယ်ဆိုတာ မင်း သိမှာမဟုတ်ပါဘူး”လို့ အင်စတာဂရမ်ပို့စ်မှာရေးသားထားပါတယ်။

သမ္မတလာလည်သွားပြီး နောက်နေ့မနက်မှာ ဆိုင်ကို ပိုစိတ်ဝင်စားလာခဲ့တယ်လို့ ဗီဘွန်ရာတာနာက ပြောပါတယ်။ ဗီဘွန်ရာတာနာရဲ့သမီးဖြစ်သူရဲ့ နောက်ကျသွား​ပြီးဖြစ်တဲ့မွေးနေ့အတွက် သမ္မတဘိုင်ဒင်က စာတစ်စောင်လည်း ရေးပေးခဲ့ပါတယ်။ ဗီဘွန်ရာတာနာကလည်း သမ္မတဘိုင်ဒင်ကို အင်စတာဂရမ်မှာ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “ကျွန်မရဲ့ဆိုင်ကို အားပေးတဲ့အတွက်၊ ကျွန်မတို့ရဲ့ဆိုင်က ထုတ်ကုန်ပစ္စည်းတွေကို ရောင်း​ပေးတဲ့ ပြည်တွင်းထုတ်လုပ်သူတွေကို ပံ့ပိုးပေးတဲ့အတွက်၊ အမျိုးသမီးပိုင်လုပ်ငန်းတွေကို ပံ့ပိုးအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ သူက ရေးသားခဲ့ပါတယ်။

သမ္မတဘိုင်ဒင်က ဆိုင်ကနေ လည်ပတ်ပြီးအပြန် ၁၄ လမ်းက Jeni’s Ice Cream မှာ စျေးဝယ်ရင်း သူ ကြိုက်နှစ်သက်အစားအစာကို စားခဲ့ရတယ်လို့လည်း သိရပါတယ်။

Ref: CBSNews “President Biden bought a Kamala Harris mug from a small D.C. shop. It sold out in three hours”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top