ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) အလွန်အကျွံ စားသုံးခြင်းကို ဘယ်လိုလူတွေ ရှောင်ကျဉ်သင့်လဲ

30.1.2021yyl25.jpg

အရွက်များတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ တစ်နေ့တာအစားအစာတွေထဲမှာ အမြဲတမ်းနေရာယူထားပါတယ်။ အာဟာရပါဝင်မှု မြင့်မားတဲ့အတွက်ကြောင့် အရွက်များတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ကျန်းမာရေးနဲ့ ညီညွှတ်ဆုံးဟင်းသီးဟင်းရွက်တွေအဖြစ် ယူဆထားတာပါ။ ဒါပေမဲ့ “တန်ဆေးလွန်ဘေး” ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးနဲ့ညီညွှတ်တယ်ဆိုပေမဲ့ လိုအပ်တာထက်ပိုပြီး စားရမယ်လို့တော့ မဆိုလိုပါဘူး။ ဘယ်အစားအစာဖြစ်ဖြစ် အလွန်အကျွံစားသုံးရင် သင့်ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ မြန်မာလူမျိုးတွေ ဟင်းနုနွယ်ရွက်လို့ ခေါ်ကြတဲ့ ဒေါက်ခွရွက်က ဂရုတစိုက်စားသုံးပေးသင့်တဲ့ အရွက်ထဲမှာ ပါဝင်ပါတယ်။ အကန့်အသတ်နဲ့ စားသုံးမယ်ဆိုရင် သင့်ကျန်းမာရေးကို ဆိုးကျိုးမဖြစ်စေဘဲ ကောင်းကျိုးတွေရရှိနိုင်ပါတယ်။ ဒီအရွက်က စွယ်စုံလုပ်လို့ရပါတယ်။ အသုပ်ဖြစ်ဖြစ်၊ အကြော်ဖြစ်ဖြစ် ပုံစံအမျိုးမျိုးနဲ့ ချက်စားလို့ရပါတယ်။

ဒီအရွက်နဲ့ပတ်သက်ပြီး စာဖတ်ပရိသတ်တွေကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်တာကတော့ အလွန်အကျွံစားရင် ဘာဖြစ်မလဲ၊ ဘယ်လိုလူတွေ ရှောင်ကျဉ်သင့်လဲ ဆိုတာပါပဲ။ ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) ရဲ့ ဆိုးကျိုးကို မပြောပြခင် အရင်ဆုံး အကျိုးကျေးဇူးတွေကို ပြောပြပေးပါမယ်။ ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝတဲ့အတွက် သင့်ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ အကျိုးပြုနေတာပါ။ ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ်၊ ဗီတာမင် အေ၊ စီ၊ ကေလို မရှိမဖြစ် သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝပါတယ်။ သင့်တစ်နေ့တာမှာ ဒီအရွက်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သွေးအတွင်း သကြားပမာဏကို ထိန်းညှိပေးတယ်။ ကိုယ်အလေးချိန်ကို လျှော့ချပေးတယ်။ သွေးအတွင်း ဟယ်မိုဂလိုဘင် (haemoglobin) ပမာဏကို မြင့်မားစေတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) ကို ပမာဏအများကြီးစားသုံးရင် ဘာဖြစ်မလဲနေ့တိုင်း ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) ကို ပန်းကန်လုံးအသေးတစ်လုံးနဲ့ စားတာက ကျန်းမာရေးအတွက် ဘေးမဖြစ်စေပါဘူး။ နေ့တိုင်း ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) ကို ပမာဏအများကြီးစားသုံးတာက တဖြည်းဖြည်းချင်း သင့်ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။

အာဟာရချို့တဲ့ခြင်း

ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) က အပင်တွေမှာ သဘာဝအလျောက်တွေ့ရတဲ့ ဒြပ်ပေါင်း အောက်ဇားလစ် အက်စစ် (Oxalic acid) ပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဒီဒြပ်ပေါင်းပမာဏက ပုံမှန်ပမာဏထက်များလာတဲ့အခါ အခြားသတ္တုဓာတ်တွေ စုပ်ယူတဲ့ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ် စတင်ဆိုးကျိုးသက်ရောက်လာစေနိုင်ပါတယ်။ အောက်ဇားလစ် အက်စစ် (Oxalic acid က ဇင့်စ်၊ မဂ္ဂနီစီယမ်၊ ကယ်စီယမ်ဓာတ်တွေကို ဖုံးကွယ်သွားစေပြီး သတ္တုဓာတ်ချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဓာတ်မတည့်ခြင်း

အရွက်များတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက တချို့အခြေအနေတွေမှာ ဓာတ်မတည့်ခြင်းကို အစပျိုးတဲ့ ခန္ဓာကိုယ်ရဲ့ဆဲလ်တချို့မှာ တွေ့ရတဲ့ ဟစ်တမင်း (Histamine) ဓာတုပစ္စည်းတစ်မျိုး ပါဝင်ပါတယ်။

အဆိပ်အတောက်ဖြစ်ခြင်း

ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) ကို တစ်ခါတည်းနဲ့ (ဒါမှမဟုတ်) အချိန်အတိုင်းအတာတစ်ခုအထိ ပမာဏအများကြီးစားသုံးမယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

အစာအိမ်ပြဿနာ

ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) မှာ အမျှင်ဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက် အလွန်အကျွံစားသုံးမယ်ဆိုရင် လေထိုးလေအောင့်၊ ဗိုက်နာတာတွေလို အစာအိမ်ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုလူတွေ သတိထား စားသုံးပေးသင့်လဲ

သင်က ဆီးကျောက်တည်ရောဂါရှိခဲ့ဖူးသူဆိုရင် ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) ပမာဏအများကြီးစားသုံးတာကြောင့် သင့်ခန္ဓာကိုယ်မှာ အောက်ဇားလစ် အက်စစ် (Oxalic acid) ပမာဏများသွားတဲ့အခါ ခန္ဓာကိုယ်က အဲဒါကို စစ်ထုတ်ဖို့ ခက်ခဲလာတယ်။ ရလဒ်အနေနဲ့ ကျောက်ကပ်မှာ ကယ်စီယမ် အောက်ဇားလစ်ကျောက်တွေ စုပုံလာပြီး ဆီးကျောက်တည်ခြင်း ဖြစ်နိုင်ခြေများလာပါတယ်။

သင်က အဆစ်အမြစ်ပြဿနာကို ခံစားနေရတယ်ဆိုရင် ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်) က အောက်ဇားလစ် အက်စစ် (Oxalic acid) အပြင် ပျူရင်း (Purine)ဒြပ်ပေါင်းလည်း ကြွယ်ဝပါတယ်။ ဒီဒြပ်ပေါင်းနှစ်ခုအတူတူဆိုရင် အဆစ်ရောင်ရောဂါအမျိုးအစားဖြစ်တဲ့ ဂေါက်ရောဂါကို အစပျိုးလာစေနိုင်ပါတယ်။ အဆစ်အမြစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဖောရောင်ခြင်းကို ခံစားရပြီးသားလူတွေအတွက် လက္ခဏာရပ်တွေ ပိုဆိုးရွားလာစေနိုင်ပါတယ်။ သွေးကျဲဆေးသောက်နေရတဲ့ သူဆိုရင် ဗီတာမင်ကေကြွယ်ဝတဲ့ ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်)က သွေးကျဲစေဖို့အတွက် အသုံးပြုတဲ့ Anticoagulant ဆေးနဲ့ မတည့်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

Ref: TOI “Why you should not eat spinach in excess and people who should avoid it”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top