မြန်မာနိုင်ငံသားများအတွက် အသက်အာမခံ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် Prudential Myanmar နှင့် ရိုးမဘဏ်တို့ သီးသန့်မိတ်ဖက်အဖြစ် နားလည်မှုစာချွန်လွှာရေးထိုး

yyl-010-1.jpg

မြန်မာနိုင်ငံသားများအတွက် ယုံကြည်စိတ်ချရပြီး ရှေရှည်ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သည့် အသက်အာမခံ ဝန်ဆောင်မှုများလိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရန် Prudential Myanmar Life Insurance Limited နှင့် ရိုးမဘဏ်တို့ သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှာ နေရာဒေသ အနှံ့အပြားရှိ ကြီးမားကျယ်ပြန့်သော ဘဏ်ခွဲကွန်ရက်များမှ တစ်ဆင့် Prudential Myanmar ၏ ရေရှည်အာမခံ စုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူနိုင်မည် ဖြစ်ပါသည်။ Prudential Myanmar ၏ အထူးဦးစားပေး ရင်းနှီးမြုပ်နှံထားသည့် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများနှင့် ရိုးမဘဏ်၏ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ့ရောက်ရှိမှု ဈေးကွက်ကျွမ်းကျင်မှုတို့ ပေါင်းစပ်လိုက်ခြင်းကြောင့် Prudential Myanmar မှ ဖြန့်ချိသွားမည့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခုကို အမှန်တကယ် ပုံဖော် ဖန်တီးနိုင်မည် ဖြစ်ပါသည်။

ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ မြို့ကြီး (၄၃) မြို့တွင် ဘဏ်ခွဲပေါင်း (၈၀) ကျော် ဖွင့်လှစ်ဝန်ဆောင်မှုပေးနေသော နိုင်ငံတွင်း အကြီးဆုံး ထိပ်တန်းပုဂ္ဂလိကဘဏ် ငါးခုအနက် တစ်ခု အပါအဝင် ဖြစ်ပါသည်။ ထို့အပြင် ရိုးမဘဏ်သည် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် နည်းပညာသုံး ဘဏ်ဝန်ဆောင်မှုများကို အစောဆုံးပေးအပ်ခဲ့ပြီး နည်းပညာပိုင်းတွင် ရင်းနှီးမြုပ်နှံမှုများစွာ အဆက်မပြတ် ပြုလုပ်ခဲ့သော ဘဏ်များအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့ဘဏ်အုပ်စု (World Bank Group ) အဖွဲ့ဝင် ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation) သည် ရိုးမဘဏ်တွင် ရင်းနှီးမြုပ်နှံမှုတစ်ခု ထည့်ဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံခြား အစုရှယ်ယာရှင်ရှိသော စီးပွားရေးလုပ်ငန်း ချေးငွေဝန်ဆောင်မှုပေးသည့်ဘဏ် ဖြစ်လာခဲ့သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် Prudential Myanmar သည် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်း လိုင်စင်တစ်ခုကို လက်ခံရရှိခဲ့ပါသည်။ Prudential Myanmar အနေဖြင့် လွယ်ကူရိုးရှင်းသည့် အာမခံ အကာအကွယ်နှင့် ယုံကြည်စိတ်ချရသော ရှေရှည် အာမခံ စုဆောင်းငွေ အမျိုးအစားများကို ပေးအပ်မည်ဖြစ်ပြီး အာမခံဝယ်ယူထားသူများ၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မြောက်စေရန် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top