မသန်စွမ်းသူအိမ်ထောင်စု ၃၆၀ ကို ဆန်များထောက်ပံ့ပေးအပ်

9-4-2020-yyl-001.jpg

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ရွှေမင်းသားဖောင်ဒေးရှင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးမသန်စွမ်း အသင်းတို့ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းက မသန်စွမ်းသူအိမ်ထောင်စု ၃၆၀ စုအတွက် ဆန်တင်း ၉၀ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

”အသင်းချုပ်အနေနဲ့ စပြီးကြိုးစားတာပေါ့။ အခုထောက်ပံ့ပေးတဲ့ ၃၆၀ ဆိုတာဟာ ရန်ကုန်မှာပဲ စပေးနိုင် သေးတာပါ။ လိုအပ်ချက်နဲ့ နှိုင်းစာရင် ဝ.၅ ရာခိုင်နှုန်းတောင် မရှိသေးဘူးထင်ပါတယ်”လို့ မြန်မာနိုင်ငံမသန်စွမ်းသူ များအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောပါတယ်။ မဟာသင်္ကြန်ကာလမှာ စားသုံးနိုင်ဖို့အတွက် မသန်စွမ်းသူအိမ်ထောင်စုတစ်စုကို ဆန် ၄ ပြည်နှုန်းနဲ့ စုစုပေါင်း အိမ်ထောင်စု ၃၆၀ စုစာအတွက် ဆန်တင်း ၉၀ ကို သက်ဆိုင်ရာခေါင်းဆောင်တွေကတစ်ဆင့် ထောက်ပံ့ ပေးအပ်တာ ဖြစ်ပါတယ်။

အဲဒီဆန်တွေကို ထောက်ပံ့ပေးအပ်ရာမှာ ရပြီးသားသူတွေ ထပ်မံမရရှိစေဖို့၊ အမှန်တကယ်လိုအပ်တဲ့ မသန်စွမ်းသူတွေရဲ့ လက်ထဲကို မှန်မှန်ကန်ကန်ရောက်ရှိစေဖို့အတွက် စနစ်တကျဆောင်ရွက်နေတယ်လို့လည်း ဦးအောင်ကိုမြင့်က ဆိုပါတယ်။COVID-19 ကပ်ရောဂါကြောင့် အခက်အခဲကြုံတွေ့ပြီး စားဝတ်နေရေးမပြေလည်ကြတဲ့အထဲမှာ မသန်စွမ်းသူတွေလည်း ပါဝင်နေတဲ့အတွက် အခြားတိုင်းနဲ့ ပြည်နယ်တွေက မသန်စွမ်းသူတွေကိုလည်း ထောက်ပံ့ ပေးနိုင်ဖို့ အသင်းချုပ်မှ ကြိုးစားလျက်ရှိပါတယ်။

”နဂိုကတည်းကမှ အလုပ်အကိုင်အခွင့်အလမ်းက အဆင်မပြေပါဘူးဆိုမှ အခုလိုအလုပ်တွေနားထားရတဲ့ အချိန်မှာ မသန်စွမ်းသူတွေရဲ့ စားဝတ်နေရေးဟာ ပိုဆိုးပါတယ်”လို့ ဦးအောင်ကိုမြင့်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ၂၃ သိန်းကျော်ရှိပြီး သူတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေကို နားလည်တဲ့ စီးပွားရေးလုပ်ငန်းရှင် မိဘပြည်သူတွေက မသန်စွမ်းအသင်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အချိန်မရွေးဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဦးအောင်ကိုမြင့်က ဖိတ်ခေါ်လိုက်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top