Grab က ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ငယ်များရဲ့ လုပ်ငန်းလည်ပတ်မှုကို မြှင့်တင်ပေးနိုင်မယ့် အစပျိုးလုပ်ဆောင်မှုအစီအစဉ်များကို ထုတ်ပြန်ကြေညာ

Image-1_Grab-Myanmar-launches-SupportLocal-Campaign_Credit-to-Grab-Myanmar.jpg

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း ဆက်လက် လုပ်ကိုင်ရောင်းချရန် ကြိုးပမ်းနေရတဲ့ ရန်ကုန်မြို့တော်တွင်းရှိ တစ်နိုင်တစ်ပိုင်စားသောက်ဆိုင်လေးများနှင့် မုန့်ဆိုင်ငယ်များအား ကူညီပံ့ပိုးနိုင်ရန် Grab Myanmar က #SupportLocal အစီအစဉ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ Grab Myanmar အနေဖြင့် GrabFood ပလက်ဖောင်းပေါ်ရှိ ပြည်တွင်း မိတ်ဖက်စားသောက်ဆိုင် (၁၀၀) ကျော်ကို စားသုံးသူများအကြား ပိုမိုလူသိများလာနိုင်ရန် နှင့် အော်ဒါအရေအတွက် ပိုမို များပြားလာစေရန် ကူညီပေးမှာဖြစ်ပါတယ်။

အဲဒီ ပြည်တွင်း မိတ်ဖက်စားသောက်ဆိုင် (၁၀၀) ကို GrabFood အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှု မှတစ်ဆင့် လစဉ်ပျမ်းမျှ ရောင်းအား (၅၀၀,၀၀၀) ကျပ်အောက် ရရှိတဲ့ လုပ်ငန်းခွဲ၊ ဆိုင်ခွဲမရှိသည့် တစ်နိုင်တစ်ပိုင် ရပ်တည်နေသည့် စားသောက်ဆိုင်လုပ်ငန်းများဖြစ်ရမည်ဟူသည့် စံသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

#SupportLocal အစီအစဉ်တွင် ကနဦး ဆောင်ရွက်သွားမယ့် အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁) Grab အသေးစားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက် အကူအညီပေးရေး အစီအစဉ် – တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များနှင့် လမ်းဘေးမုန့်ဆိုင်လေးများ အော်ဒါပိုမို ရရှိစေရန် ကူညီသည့်အနေဖြင့် ၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အဲဒီ ဆိုင်များမှ ရောင်းချတဲ့ အစားအသောက် အမျိုးအစားအားလုံးကို (၂၀%) အထူးလျှော့ဈေးဖြင့် ရောင်းချနိုင်ရန် Grab Myanmar က ငွေကြေးထောက်ပံ့ပေးမှာဖြစ်ပါတယ်။ GrabFood မှာယူစားသုံးသူများမှာ အနည်းဆုံးမှာယူရမည့်တန်ဖိုး ကန့်သတ်ချက်မရှိဘဲ ‘SUPPORTLOCAL’ ပရိုမိုကုဒ် အသုံးပြု၍ (၂၀%) လျှော့ဈေးဖြင့် မှာယူနိုင်မည်ဖြစ်ပါတယ်။ Grab Myanmar အနေဖြင့် ပေးအပ်ထားတဲ့ လျှော့ဈေးများရဲ့ ကုန်ကျစရိတ်အားလုံးကို ကျခံတာဝန်ယူပေးမည်ဖြစ်ပြီး ရပ်ကွက်ပတ်ဝန်းကျင်များနှင့် ချိတ်ဆက်နေတဲ့ တစ်နိုင်တစ်ပိုင် မိတ်ဖက်စားသောက်ဆိုင်ငယ်လေးများကို ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။

၂) ‘ပြည်တွင်းက Hero များ’ အစီအစဉ် – Grab Myanmar က ရွေးချယ်ထားတဲ့ မိတ်ဖက်စားသောက်ဆိုင် (၁၀၀) ကို လူအများ ပိုမို သိရှိသတိပြုမိလာကြစေရန် ဈေးကွက်ထိုးဖောက်သည့်အနေဖြင့် ‘ပြည်တွင်းက Hero များ’ အစီအစဉ်ကို Grab အက်ပလီကေးရှင်းနှင့် ဒစ်ဂျစ်တယ်ချန်နယ် မျိုးစုံမှတစ်ဆင့် စီစဉ်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များကို ဝိုင်းဝန်းအားပေးပံ့ပိုးပေးကြရန် ရန်ကုန်မြို့တွင်းရှိ ပြည်သူများကို တိုက်တွန်းနှိုးဆော်သည့်အနေဖြင့်ဈေးကွက်ချဲ့ထွင်သည့် လှုပ်ရှားမှုများကို မေလ ၁ ရက်နေ့က စပြီး အကောင်အထည်ဖော်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ စားသောက်ဆိုင်ငယ် အများစုမှာလည်း မြို့နေပြည်သူများ နှစ်ခြိုက်ခံတွင်း တွေ့စေမည့် အစားအသောက်များဖြစ်ပြီး GrabFood မှတစ်ဆင့် မှာယူပါက အိမ်ရှေ့အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ပါတယ်။

၃) Unilever Food Solutions (UFS) နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်း – Grab Myanmar က UFS နှင့် ပူးပေါင်း၍ ရွေးချယ်ထားသော GrabFood မိတ်ဖက်စားသောက်ဆိုင် (၁၀၀) အတွက် လုပ်ငန်းလည်ပတ်ရာတွင် ကုန်ကျမည့် အသုံးစရိတ်ကို လျှော့ချပေးနိုင်ရန် ဆောင်ရွက်မှာဖြစ်ပါတယ်။ UFS အနေဖြင့် မိတ်ဖက်စားသောက်ဆိုင်များအတွက် ချက်ပြုတ်ရာတွင် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် ဟင်းခတ်မှုန့်၊ ဆော့စ်၊ မရောနိစ်နှင့် ဒရက်စ်စင်း(dressing)၊ အသားပြုတ်ရည်အနှစ်(bouillon) စသည့် ဟင်းခတ် အမွှေးအကြိုင်များကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် UFS မှ လက်ဆေးဆပ်ပြာ၊ အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပေးစာအုပ်နှင့် မီးဖိုချောင်သုံး အေပရွန်များ ပါဝင်သည့် UFSရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း အစုံလိုက်များကို အခမဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။

GrabFood ပလက်ဖောင်းပေါ်တွင် ပြည်တွင်းရှိ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်ငယ် အတော်များများ ရောက်ရှိနေပြီ ဖြစ်ရာ အခုလို COVID-19 ရောဂါကြောင့် စားသုံးသူများ ဆိုင်သို့လာရောက်ဝယ်ယူရန် ခက်ခဲနေပြီး ဝင်ငွေ အမြတ်အစွန်းရရှိရန် အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းများကို ပိုမို မှီခိုအားထားလာရသည့် အချိန်ကာလတွင် ပြည်တွင်း စားသောက်ဆိုင် အရေအတွက်ကို သုံးဆတိုးမြှင့်၍ လက်တွဲလုပ်ကိုင်သွားရန် ဦးတည်ဆောင်ရွက်လျက် ရှိပါတယ်။

#SupportLocal အစီအစဉ်ဖြင့် ပံ့ပိုးကူညီပေးရန် ရွေးချယ်ခံခဲ့ရသည့် GrabFood မိတ်ဖက်စားသောက်ဆိုင်များတွင် Café Salween ဆိုင်လည်း အပါအဝင် ဖြစ်ပါတယ်။ Café Salween က ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်ထားသော ဒေသထွက် ကော်ဖီများကို အဓိက ရောင်းချလျက်ရှိပြီး မြန်မာ့ရိုးရာ အချိုမုန့်များ အပါအဝင် လက်ဖက်ထမင်းဘာဂါ၊ ကချင်ပါစတာ၊ ဒေသထွက်ကုန်များဖြင့် ဖန်တီးထားတဲ့ အိမ်လုပ်ပီဇာ စတဲ့ မြန်မာ့အကြိုက် အရသာများဖြင့် ပေါင်းစပ်ထားသော အစားအစာများအပြင် အခြား စားသောက်ဖွယ်ရာ အမျိုးမျိုးကို ရောင်းချလျက် ရှိပါတယ်။

GrabFood အသုံးပြုသူများနှင့် အများပြည်သူတို့အား #SupportLocal အစီအစဉ်တွင် ပါဝင်ပြီး ရန်ကုန်မြို့ရှိ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များနှင့် မုန့်ဆိုင်ငယ်များထံမှ မှာယူစားသုံးကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ မှာယူလိုသူများအနေဖြင့် ပြည်တွင်း မိတ်ဖက်စားသောက်ဆိုင်များ စာရင်းကို ကြည့်ရှု့နိုင်ရန် Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood ကိုနှိပ်ပြီး ‘Local Heroes’ နေရာသို့ ဝင်ရောက်ကာ ရွေးချယ်မှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် စာရင်းပေးသွင်းလိုတဲ့ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင် များနှင့် မုန့်ဆိုင်ငယ်များအနေဖြင့် ဖုန်း – ၀၉ ၇၆၅၄၂၁၀၄၉ (သို့) အီးမေးလ် – [email protected] သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်တယ်လို့လည်း သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top