International NGO တစ်ခုဖြစ်သော Save the Children နှင့် Creative Agency Bridge တို့ ပူးပေါင်းဖန်တီးသည့် SHIFT အစီအစဉ်အနေဖြင့် မြန်မာနိုင်ငံရှိလူငယ်များ၏ စိတ်အားထက်သန်မှုများကို လှုပ်ရှားမှုများအဖြစ်သို့ ပြောင်းလဲလာစေပြီး လူမှုအသိုင်းအဝိုင်းတွင် ကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ပေါ် လာစေရန် ထောက်ပံ့ကူညီသည့် ပထမအဆင့်ကို မကြာသေးခင်က အောင်မြင်ခဲ့ပြီးဖြစ်သည်။ Shift ၏ ရည်မှန်းချက်မှာ ဘဏ္ဍာရေးအရင်းအမြစ်များ၊ ပစ္စည်းကိရိယာများ၊ ရန်ပုံငွေများနှင့် အချက်အလက်များကို ထောက်ပံ့ပေးခြင်းအားဖြင့် လူငယ်များ၏ အသံကို မြှင့်တင်ပေးနိုင်ရန်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် အသက် ၂၅ နှစ်အောက်ရှိ စိတ်အားထက်သန်ပြီး တက်ကြွသည့် လူငယ်အဖွဲ့များနှင့် ၃ ရက်တာကြာမြင့်သော အလုပ်ရုံဆွေးနွေးပွဲများတွင် ၎င်းတို့ ဖြေရှင်းလိုသည့် ပြဿနာရပ်များကို ပုံဖော်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် Social Campaign များ အကောင်အထည် ဖော်နိုင်ရန် မိတ်ဖက်အေဂျင်စီများနှင့် ချိတ်ဆက်ပေးခဲ့သည်။
“လူငယ်တွေအနေနဲ့ ခွန်အား၊ အကောင်းမြင်ခြင်းနဲ့ အနာဂတ်အတွက်မျှော်လင့်ချက်တွေရှိပြီး သူတို့ဖြေရှင်းလိုတဲ့ ပြဿနာတွေကိုလည်း ကိုယ်ပိုင်အချိန်ပေးပြီး ပူးပေါင်းပါဝင်ဖို့ ပိုပြီးစိတ်ဝင်စားကြပါတယ်။” ဟု Shift ကို စတင်တည်ထောင်သူ Andy က ပြောသည်။ “ဒါပေမယ့် သူတို့တွေအနေနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ လျစ်လျူရှုခံရမှုတွေလည်း ရှိနေပါသေးတယ်။ အကယ်၍များ ကျွန်တော်တို့ဘက်က လူငယ်တွေလိုအပ်နေတဲ့ အရည်အချင်းတွေနဲ့ ထောက်ပံ့မှုတွေကို ပံ့ပိုးပေးနိုင်ရင်တော့ သူတို့ ရင်ဆိုင်နေရတဲ့ အရေးကြီးဆုံးပြဿနာတွေအပေါ်မှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်လာနိုင်မှာပဲ ဖြစ်ပါ တယ်။ လူငယ်တွေအနေနဲ့လည်း ငယ်ရွယ်ချိန်မှာ လူထုတာဝန်တွေ၊ အုပ်ချုပ်မှုအပိုင်းတွေနဲ့ ထိတွေ့ဖို့လည်း အရေးကြီးတယ်လို့ ကျွန်တော်ယူဆပါတယ်။ အကယ်၍များ လူတွေအနေနဲ့ သူတို့ကိုယ်တိုင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်တယ်လို့ ယုံကြည်လာရင် လူ့အဖွဲ့အစည်းဟာ သေချာပေါက်တိုးတက်လာမှာပါ။ ဒါဟာ မြန်မာနိုင်ငံလို ဒီမိုကရေစီ ဖော်ဆောင် နေတဲ့ နိုင်ငံအတွက်တော့ တကယ်ကို အရေးကြီးပါတယ်။ အထူးသဖြင့် လူဦးရေ ၄၆ ရာခိုင်နှုန်းက ၂၅ နှစ်အောက် လူငယ်လေးတွေဖြစ်တဲ့ အနေအထားမျိုးမှာပေါ့” ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
SHIFT အနေဖြင့် စိတ်အားထက်သန်သောလူငယ်များ ဦးဆောင်သည့် အဖွဲ့ ၃ ဖွဲ့ကို ရွေးချယ်ခဲ့ပြီး SHIFTers များဟု အမည်ပေးကာ ၎င်းတို့၏ Social Campaign များအတွက် ရန်ပုံငွေ ပံ့ပိုးပေးရန် စီစဉ်ခဲ့သည်။ ယင်းအဖွဲ့တို့မှာ လေထုညစ်ညမ်းမှုနှင့် ပတ်သတ်ပြီး အသိပညာမျှဝေမည့် Air Quality Yangon ၊ အမှိုက်စွန့်ပစ်ခြင်းနှင့် စပ်လျဉ်းသည့် ရေရှည်ဖြေရှင်းချက်များအတွက် Yangon City Shapers နှင့် မိန်းကလေးမျာအားလုံးအတွက် လုံခြုံစိတ်ချရသော ကမ္ဘာကြီးဖြစ်အောင် ကြိုးပမ်းနေသည့် Colorful Girls အဖွဲ့တို့ ဖြစ်သည်။
ကမ်ပိန်းအသီးသီးကို မိတ်ဖက်များဖြစ်သည့် Bridge, Doh Eain, Girl Determined, and World Learning Myanmar တို့၏ ကူညီပံ့ပိုးမှုဖြင့် လူငယ်များကိုယ်တိုင် ဦးဆောင်ကာ ရက်သတ္တပတ် လေးပတ်ကျော်ခန့်မျှ လုပ်ဆောင်ခဲ့ကြသည်။
“တို့ရှူတဲ့လေ သတိပြုကြစေ” ကမ်ပိန်းအတွက် Air Quality Yangon အဖွဲ့မှ လေထုညစ်ညမ်းမှုနှင့် စပ်လျဉ်းသည့် သိပ္ပံ နည်းပညာအခြေခံ အချက်အလက်များ မျှဝေပေးခြင်းနှင့် လူထုအား Dr. Air Bear ၏ အကူအညီဖြင့် ပါဝင် ဆောင်ရွက် ကြရန် လှုံ့ဆော်ခြင်းဖြင့် နှစ်ပိုင်းခွဲခြားလုပ်ဆောင်ခဲ့သည်။ လူသားတို့၏ အဆုတ်ကို ကိုယ်စားပြုရန်အတွက် လူတစ်ကိုယ်စာ ကြီးမားသော ဝက်ဝံရုပ် Dr. Air Bear ကိုလည်း တီထွင်ခဲ့သည်။ ကမ်ပိန်း၏ ပထမခြေလှမ်းအဖြစ် Dr. Air Bear အား ရန်ကုန်မြို့အနှံ့ လှည့်လည်စေပြီး ဖုန်မှုန့်များကြောင့် ညစ်ညမ်းသွားစေခြင်းဖြင့် ကျွန်ုပ်တို့ ရှူသွင်းနေသည့် လေသည် သန့်စင်မှု မရှိကြောင်း ဖော်ပြခဲ့သည်။ ခရီးစဉ်တစ်လျှောက် Air Quality Yangon အဖွဲ့မှ Dr. Air Bear နှင့် အတူ လိုက်ပါကာ လေထုညစ်ညမ်းမှုဖြစ်စေသည့် အကြောင်းအရင်းများနှင့် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ် သက် ရောက်သည့် ဆိုးကျိုးများကို အများပြည်သူများအား သတင်းအချက်အလက်များ မျှဝေပေးခဲ့သည်။
Dr. Air Bear သည် ပြည်သူများအား ဆွဲဆောင်နိုင်ခဲ့ပြီး Air Quality Yangon အဖွဲ့သားများမှ လေထုညစ်ညမ်းမှုအကြောင်း သတိမထားမိသေးသူများအား စိတ်အားထက်သန်စွာ ဗဟုသုတများကို မျှဝေပေးနိုင်ခဲ့သည်။ ကမ်ပိန်း၏ ဒုတိယပိုင်းအဖြစ် လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသော လူတို့၏ အပြုအမူများကိုပြောင်းလဲရန်အလို့ငှာ ကိုယ်ပိုင်ကားစီးမည့်အစား အများပြည်သူသုံးယာဉ်များကို အသုံးပြုခြင်း၊ လမ်းလျှောက်ခြင်း တို့ကိုပြုလုပ်ရန်တိုက်တွန်းပြောဆိုခဲ့သည်။ ပိုမို သိသာသော ပြောင်းလဲမှုများဖြစ်ပေါ်လာစေရန် အွန်လိုင်းမှလည်း အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးကို ပိုမို အသုံးပြုပါမည်ဟူသည့် ကတိကဝတ်ပြုမှုတစ်ခုကိုပြုလုပ်ခဲ့ပြီး လက်မှတ်ထိုးထောက်ခံသူဦးရေ တစ်ထောင်ကျော်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် လေထုအရည်အသွေးစစ်ဆေးရေးစခန်းများကိုလည်း မြို့အနှံ့တည်ဆောက်ထားပြီး တိုင်းတာချက်များကို Website ပေါ်တွင် ဖော်ပြခြင်းအားဖြင့် ပြည်သူများ လေထုအရည်အသွေးကိန်းဂဏန်းစာရင်း ကင်းမဲ့နေမှုအပေါ် ဖြေရှင်းပေးခဲ့သည်။ Dr. Air Bear ကမ်ပိန်း၏ လုပ်ဆောင်ချက်များကြောင့် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနအနေဖြင့်လည်း လေထုအရည်အသွေးညွှန်းကိန်းအချက်အလက်များကို နေ့စဉ်ဝေငှလာခဲ့ပြီဖြစ်သည်။
NGO အဖွဲ့ ဖြစ်သည့် Doh Eain မှ ဖွဲ့စည်းထားသော Young City Shapers အဖွဲ့ သည် YCDC မှ အရာရှိများနှင့် ဒေသခံလူထု ၅၀၀ ကျော်ကိုစုရုံးခဲ့ပြီး ပြန်လည်အသုံးပြုနိုင်သောအရာများအား လက်မှုပညာဖြင့် ပရိဘောဂများအဖြစ်သို့ ပြောင်းလဲကာ အမှိုက်များနှင့် ပြည့်နှက်နေသည့် လမ်းကြားများကို အများပြည်သူဆိုင်ရာ နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲ ခဲ့သည်။ အစည်းအဝေးများနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီး ယင်းအများပြည်သူနှင့် သက်ဆိုင်သောနေရာကို ထိန်းသိမ်းရန်ရည်ရွယ်သည့် လူငယ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည် ။ ထို့အပြင် YCS ၏ #plastictimeoff hashtag Social Media ကမ်ပိန်းတွင် တက်ကြွလှုပ်ရှားသူများနှင့် လူသိများကျော်ကြားသူ ၁၀၀ ခန့်က နေ့စဉ်ပလတ်စတစ် အသုံးပြုမှုကို လျှော့ချရန် ပါဝင်ခဲ့ကြပြီး စွန့်ပစ်ပစ္စည်းမရှိသော လူနေမှုပုံစံတစ်ရပ်ကို ပိုင်ဆိုင်ရရှိနိုင်သည့်အကြောင်း ဖော်ပြခဲ့ကြသည်။
NGO Girl Determined အဖွဲ့မှ SHIFTers များသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ကျင်းပခဲ့သော သုံးရက်တာ ဆွေးနွေးမှုတွင် သူတို့၏ အတွေ့အကြုံများအပေါ်အခြေခံထားသည့် အချက်အလက်များကိုအသုံးချပြီး ပြည်တွင်း အနုပညာရှင်တစ်ဦးဖြစ်သည့် ယွန်းနီကိုနှင့် ပူးပေါင်းကာ “ရောင်စုံခွန်အား” အမည်ရှိသီချင်းတစ်ပုဒ်ဖြင့် ကာယိန္ဒြေ ပျက်ပြားအောင် ထိပါးနှောက်ယှက်ခံရမှု ပြဿနာကို ဖြေရှင်းခဲ့သည်။ “Colorful Strength ရဲ့ အဓိကမျှော်လင့်ချက်က မိန်းကလေးတိုင်း ဘဝတစ်ချိန်ချိန်မှာ တွေ့ကြုံခံစားသွားနိုင်တဲ့ ထိခိုက်စေမယ့်အပြုအမူတွေအကြောင်း ပွင့်လင်းစွာပြောဆိုလာနိုင်ဖို့ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုအနေနဲ့ အမျိုးသမီးတိုင်းအတွက် လုံခြုံတဲ့ကမ္ဘာကြီးကိုဖန်တီးဖို့ အဆက်မပြတ်ကြိုးစားနေတဲ့ ကျွန်မတို့ရဲ့အားထုတ်မှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု Girl Determined ၏ co-founder တစ်ဦးဖြစ်သူ မနန့်သဇင်မင်းက ပြောကြားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်အတွက် SHIFT၏ အစီအစဉ်များတွင် စိတ်အားထက်သန်သော လူငယ်များကို ရှာဖွေပြီး ကမ်ပိန်းများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ပါဝင်လိုသော လူငယ်များအနေဖြင့် သတင်းအချက်အလက်များ အချိန်မီသိရှိနိုင်ရန် SHIFT Facebook စာမျက်နှာကို Follow လုပ်ထားနိုင်သည်။
Team ( ရိုးရာလေး)