အဝမလွန်အောင် ကာကွယ်ကြမယ်

31-3-2020-yyl-023.jpg

ပြောင်းလဲတိုးတက်လာတဲ့ခေတ်စနစ်ကြောင့် ထိုင်ရာကမထဘဲ အလုပ်တွေလုပ်လို့ရလာသလို အွန်လိုင်းမှာ လိုတဲ့ပစ္စည်းတွေကို အိမ်တိုင်ရာရောက်မှာယူလို့ရနေတာကကောင်းတဲ့အချက်တွေရှိသလို ဆိုးတဲ့အချက်တွေလည်းရှိနေပါတယ်။ ကောင်းတာက အချိန်ကုန်သက်သာသွားတာပေါ့။ ဆိုးတာက အထိုင်များတဲ့အလုပ်တွေ၊ အလှုပ်အရှားနည်းလာစေတဲ့ လူနေမှုပုံစံတွေကြောင့် လူတွေ တဖြည်းဖြည်းချင်း အဝလွန်လာကြတာပါပဲ။

အဝလွန်တယ်ဆိုတာ

အဝလွန်တယ်ဆိုတာကနေထိုင်မှုပုံစံ၊နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေကြောင့် ခန္ဓါကိုယ်မှာ အဆီပိုတွေ စုလာတာပါ။ အဝလွန်လာတယ်ဆိုတာက အလှတင်ပျက်တာမဟုတ်ပါဘူး။ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာပါ။ အဝလွန်တာကြောင့် ရုပ်ပိုင်းဆိုင်ရာမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာတွေရှိလာနိုင်ပါတယ်။

ဝလာလေလေ ခန္ဓါကိုယ်ကလှုပ်ရှားမှုနည်းပြီး ကိုယ်အလေးချိန်ပိုတိုးလာတာပါပဲ။ မပြီးဆုံးနိုင်တဲ့သံသရာပေါ့။ ဝလာတာရဲ့နောက်မှာ ကပ်ပါလာတာက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊သွေးတိုးရောဂါနဲ့ တခြားသောရောဂါဆိုးတွေအများကြီး ပါလာတာပါ။ အချို့သောရောဂါတွေက ဝတာကနေ အစပျိုးလာတာပါ။ အဝလွန်နေလားဆိုတာကို BMI (ခန္ဓါကိုယ် ထုထည်ညွှန်းကိန်းကိုတိုင်းတာတဲ့နည်း) နဲ့ဆန်းစစ်လို့ရပါတယ်။

BMI က ၂၅ ကနေ ၂၉.၉ ရှိနေမယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေပြီလို့ပြောလို့ရပါတယ်။ တကယ်လို့ိ BMI က ၃၀ (သို့မဟုတ်) ၃၀ ထက်ကျော်နေပြီဆိုရင်တော့ အဝလွန်နေပြီလို့ပြောပါရစေ။ အဝလွန်တာကိုဖြစ်စေတဲ့ အကြောင်းရင်းခံက (၂) ခုရှိပါတယ်။ တစ်ခုက လှုပ်ရှားမှုနည်းတဲ့နေ့စဉ်နေထိုင်မှုဘဝပုံစံဖြစ်ပြီးနောက်တစ်ချက်က ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေနဲ့ စားသောက်မှုပုံစံမမှန်တာတွေကြောင့်ပါ။

အဝလွန်တာကို ကာကွယ်မယ်

မနက်ခင်းတိုင်း မနက်စာစားဖြစ်အောင်စားပါ

မနက်စားကို မစားဘဲနေတာက ကယ်လ်လိုရီကိုလျှော့ချနိုင်မယ်လို့ ယူဆနေတယ်ဆိုရင် မှားနေတယ်လို့ပြောချင်ပါတယ်။ မနက်စာစားလိုက်တဲ့အခါ တစ်နေ့တာလုံးစားမိမယ့် ကယ်လ်လိုရီ ပမာဏကိုလျှော့ချနိုင်ပါလိမ့်မယ်။လေ့လာမှုတွေအရလည်း မနက်စာစားတာက ကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုလို့သိခဲ့ရပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ခန္ဓါကိုယ်အလေးချိန် မတက်လာစေဖို့ဆိုရင် တစ်ပတ်ကို စုစုပေါင်း မိနစ် ၁၅၀ ကနေ ၃၀၀လောက်ကို အရမ်းမပြင်းထန်တဲ့လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့လိုပါမယ်။ အကောင်းဆုံးနဲ့အလွယ်ဆုံးလေ့ကျင့်ခန်းကတော့ လမ်းလျှောက်တာပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ပျိုးထောင်ပါ

ကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုတဲ့နေရာမှာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။ပြည့်ဝဆီတွေကို မစားပါနဲ့။ အချိုနဲ့ အယ်လ်ကိုဟောကိုရှောင်ပါ။ တစ်နေ့ကို မနက်စာ၊နေ့လယ်စာနဲ့ ညစာ အချိန်မှန်စားပြီး သရေစာတွေမစားပါနဲ့။ရေများများသောက်ပေးပါ။

အမျှင်ဓါတ်ပါဝင်မှုများတဲ့ အစားအသောက်တွေစားပါ

အမျှင်ဓါတ်ပြည့်ဝအောင်စားသုံးမှုက ကိုယ်အလေးချိန်တက်မလာတာ တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓါတ်က အစာကြေခဲတာကြောင့် ခဏခဏမဆာအောင်လုပ်ပေးနိုင်ပါတယ်။ နေ့လယ်စာစားတဲ့အခါ ဆန်လုံးညို၊ ကုလားပဲ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အခွံမာသီး အစေ့အဆန်တွေစားပေးပါ

ဗာဒံစေ့၊ သစ်ကြားသီး၊ အယ်လ်မွန်စေ့တို့လိုမျိုး အစေ့အဆန်တွေကို စားသုံးပေးတာကလည်း ခန္ဓါကိုယ်ရဲ့ BMI ကိုလျော့ကျအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ လေ့လာချက်တွေအရလည်း အခွံမာသီးတွေကနေရရှိတဲ့ အစေ့အဆန်တွေကို ပုံမှန်စားသုံးတဲ့ သူတွေမှာ ကိုယ်အလေးချိန် သိပ်မတိုးလာဘူးလို့တွေ့ရှိခဲ့ရတယ်ဆိုပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ဆားပါဝင်မှုနည်းတဲ့ အစေ့အဆန်တွေဖြစ်ဖို့ပါ။

ကယ်လ်ဆီယမ် များများစားပေးပါ

ကယ်လ်ဆီယမ်က ခန္ဓါကိုယ်မှာ ကပ်တွယ်နေတဲ့အဆီတွေကိုလောင်ကျွမ်းဖြိုခွဲပေးနိုင်စွမ်းရှိပါတယ်။ အဆီဆဲလ်တွေထဲမှာ ကယ်လ်ဆီယမ် ပါဝင်မှုများလေလေ အဆီတွေကိုလောင်ကျွမ်းစေနိုင်လေလေပါ။ ဒါကြောင့် ကယ်လ်ဆီယမ်ရရှိစေဖို့ နွားနို့၊ ဒိန်ချဉ်တို့လိုမျိုး ကယ်လ်ဆီယမ်ရရှိစေနိုင်မယ့် အစားအစာတွေကို စားသုံးပေးပါ။ အဆီထုတ်ထားတဲ့ နို့နဲ့ဒိန်ချဉ်တွေဖြစ်ဖို့တော့ လိုပါမယ်။

Ref : hellosayarwon

Team (ရိုးရာလေး)

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top