စိတ်ယဉ်ကျေးမှုမြင့်မားခြင်းဖြင့် မိမိကိုယ်တိုင်နှင့် မိမိနိုင်ငံကို ကာကွယ်ပါ

mask-and-holding-covid19.jpg

Doctor wearing respiratory mask and holding the Coronavirus Covid-19 blood sample

(၁)

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ၂ဝ၁၉ ၊ ဒီဇင်ဘာက စတင်ဖြစ်ပွားပြီး ၂ဝ၂ဝ၊ ဇန်နဝါရီလမှာ တစ်ကမ္ဘာလုံး သတိထားလာရာကနေ အီတလီ၊ အမေရိကန်တို့လို နိုင်ငံကြီးတွေမှာ လူပေါင်းများစွာ ကူးစက်သေဆုံးမှုနှုန်း မြင့်မားစေခဲ့တဲ့ COVID-19 ဟာ ခုဆိုရင် မြန်မာနိုင်ငံထဲကိုပါ တစ်စတစ်စ ထိုးဖောက် ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်၊ မနက်ပိုင်း ထုတ်ပြန်ချက်အရ အင်္ဂလန်နဲ့ ထိုင်းတို့က ပြန်လာတဲ့ အမျိုးသားတစ်ဦး၊ ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးတစ်ဦး၊ ဗဟန်းမြို့နယ်မှာနေတဲ့ အသက် ၆ဝ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦးဆိုပြီး ပိုးတွေ့လူနာ ၃ ဦး ထပ်တိုးလာခဲ့ပါပြီ။ ဒီအတွက် COVID-19 ရောဂါပိုး ကူးစက်ခံထား ရသူဟာ ရန်ကုန်မှာ ၅ ဦး၊ မန္တလေးမှာ ၁ ဦး၊ ချင်းပြည်နယ်၊ တီးတိန်မှာ ၁ ဦး၊ နေပြည်တော်မှာ ၁ ဦး၊ စုစုပေါင်း ၈ ဦး ရှိနေခဲ့ပြီဖြစ်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုမှာ နောက်ဆုံးကနေ ရေတွက်ရင် ကမ္ဘာ့အဆင့်-၂ နေရာမှာရှိနေတဲ့ မြန်မာနိုင်ငံအတွက် တကယ့်ကို စိုးရိမ်ရေမှတ်ရောက်ရှိနေပြီဆိုတာ ငြင်းမရပါဘူး။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်လိုက်ရင် ဆေးရုံတွေမှာ အဆင့်မြင့်စက်ပစ္စည်းနဲ့ PPE (တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ) တွေ မဆိုထားပါနဲ့ဦး၊ တချို့သော နယ်ဆေးရုံလေးတွေမှာ သီးသန့် လူနာဆောင်တောင် ကောင်းကောင်းမရှိတဲ့အတွက် တကယ်လို့သာ အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုမျိုး ရှိလာခဲ့ရင် အစိုးရအနေနဲ့ ထိန်းချုပ်သွားနိုင်ဖို့ ခက်ခဲမယ်ဆိုတာ လက်မခံလို့မရတဲ့ အရှိတရား၊ အမှန်တရားတစ်ခု ဖြစ်နေပါတယ်။

ဒီလို သွေးလန့်စရာအခြေအနေမျိုးမှာ စိတ်မကောင်းစရာက ကျွန်တော်တွေရဲ့ အသိပညာဆင်းရဲမှု၊ စိတ်ယဉ်ကျေးမှု နိမ့်ပါးခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပါ။

ဟုတ်ပါတယ်။ ဒီလောက်ထိ တစ်ကမ္ဘာလုံးကိုရော ကိုယ့်နိုင်ငံ သားတွေကိုပါ ခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်အန္တရာယ်ကို ရင်ဆိုင်နေရချိန်ထိ ကျွန်တော်တို့ မြန်မာပြည်သူတွေကြားမှာ တချို့သောလူတွေဟာ တကယ့်ကို မသိတတ်၊ နားမလည်မှုတွေနဲ့ စိတ်ယဉ်ကျေးမှုတွေ နိမ့်ပါးနေကြတုန်းလို့ စွပ်စွဲလိုက်မိပါတယ်။

(၂)

တိုင်းပြည်က ဆင်းရဲ၊ တိုင်းပြည်ဆင်းရဲတော့ ပြည်သူတွေ ဆင်းရဲ၊ ဆင်းရဲတဲ့ပြည်သူတွေကြားမှာ စားဝတ်နေရေး ဆင်းရဲ၊ အသိပညာဆင်းရဲ၊ ဆင်ခြင်ဉာဏ် ဆင်းရဲနဲ့ ဆင်းရဲမှု သံသရာတွေ လည်နေ ကြတော့ စိတ်ယဉ်ကျေးမှုတွေလည်း ဆင်းရဲ၊ နိမ့်ပါးလာကြတာပေါ့။ ပြီးခဲ့တဲ့ လပိုင်းကတည်းက ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတွေမှာ COVID-19 ရောဂါကူးစက်ပျံ့နှံ့၊ သေဆုံးမှု သတင်းတွေ နေ့တိုင်းလိုလို ကြားလာရပေမယ့် ကျွန်တော်တို့ဆီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းများ အထိ လူစုလူဝေးတွေ လုပ်လို့ကောင်းတုန်း၊ ပြည်သူတွေဆိုတာလည်း သွားသွားလာလာ၊ စားစားသောက်သောက်နဲ့ ကြောက်ရကောင်းမှန်း မသိခဲ့သလိုပါပဲ။ နိုင်ငံထဲမှာ ကိုရိုနာကူးစက်ခံထားရသူ နှစ်ဦး ရှိနေပြီလို့ မတ်လ ၂၃ ရက်၊ ညပိုင်းက ကြေညာလိုက်ချိန်ကျမှ လက်ဆေးဖို့၊ mask တပ်ဖို့၊ ကိုယ့်အိမ်မှာပဲနေဖို့ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ရှိလာခဲ့တာပါ။

တရုတ်၊ အီတလီ၊ ပြင်သစ်၊ အမေရိကန်၊ အီရန်၊ စပိန်နဲ့ ဗြိတိန်ပါ မကျန် COVID-19 ဒဏ်ကို အလူးအလဲ ခံနေရချိန်မှာ ဒီကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရေးအတွက် အစိုးရ၊ ပြည်တွင်းနေ ပြည်သူ၊ ပြည်တော်ပြန် ပြည်သူတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းချက်အပါအဝင် တိုင်းပြည်တွင်း ဖြစ်ပျက်ကြားသိနေရတဲ့ စိတ်မသက်သာစရာ တခြားသတင်းတွေကို ဖတ်ခဲ့ရပါသေးတယ်။ ဒါကြောင့် ‘အော် . . .တို့လူတွေ စိတ်ယဉ်ကျေးမှု နိမ့်ပါးလေခြင်း’လို့ တွေးမိလိုက်တာပါ။ ဒီရက်ပိုင်းအတွင်း မြင်တွေ့၊ ကြားသိခဲ့ရတဲ့သတင်းတချို့ ပြောပြပါရစေဦး။

(၃)

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်မှာရှိတဲ့ ဇင်ပြွန်းကုန်းဆိုတဲ့ ရွာတစ်တစ်ရွာမှာ အသုဘကိစ္စ နာရေးပို့တဲ့လမ်း အငြင်းပွား ပိတ်ဆို့ရာကနေ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁ ဦး သေဆုံး၊ သံဃာ ၁ ပါးနဲ့ အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ကြတယ်တဲ့။

ရွာအနောက်ပိုင်းက သေဆုံးသူ အမျိုးသမီးကြီးရဲ့ ရုပ်အလောင်း သွားပို့တာကို ရွာအရှေ့ပိုင်းကလူတွေက သူတို့ဘက်လမ်းကနေ အလောင်း အဖြတ်မခံနိုင်ဘူးဆိုပြီး ပိတ်ဆို့တားဆီးကြတယ်။ နာရေးပိုင်ရှင်နဲ့ အလောင်းပို့သူတွေဘက်က အလောင်းကိုအောက် ချပြီး သူ့ဘက်ကိုယ့်ဘက် အငြင်းပွား၊ အလောင်းလု၊ ရုန်းရင်း ဆန်ခတ်ဖြစ်ရင်း ရဲက သေနတ်နဲ့ပစ်လို့ အသက် ၂၉ နှစ်ပဲရှိသေးတဲ့ လူငယ်တစ်ဦး သေဆုံးရတယ်တဲ့။

ဒီအခင်းဖြစ်တဲ့ ရက်ကိုကြည့်လိုက်တော့ မတ်လ ၂၅ ရက်၊ မနက် ၁၁ နာရီလောက်လို့ ဆိုထားတယ်။ တစ်ကမ္ဘာလုံးက COVID-19 အန္တရာယ်ကြောင့် စိတ်သော ကရောက်၊ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ တားဆီး၊ ကာကွယ်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာတော့ သေပြီးသား ရုပ်အလောင်းတစ်ခု မသာချဖို့အတွက်နဲ့ နောက်ထပ် လူငယ်တစ် ယောက်ရဲ့ အသက် ထပ်ပြီး ဆုံးရှုံးရတယ်။ ရဟန်းတစ်ပါးနဲ့ နောက် ထပ် လူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်ဆိုတော့ ဒါဟာ ဘယ်လောက်များ အသိဉာဏ်မဲ့၊ အယူသီးပြီး ဆင်ခြင်တုံတရားကင်းတဲ့ ကိစ္စတစ်ခုလို့ ပြောရမလဲ။

ဒီပြဿနာထက် ပိုပြီး စိတ်ပျက်ဖို့ကောင်းတာက လတ်တလော ခြောက်လှန့်နေတဲ့ ကူးစက်မြန် ဗိုင်းရပ်စ် တားဆီးကာကွယ် ရေးနဲ့ပတ်သက်ပြီး လူတချို့ရဲ့ အဆင်ခြင်မဲ့၊ တာဝန်မဲ့ အပြုအမူ အပြောအဆိုတွေ တွေ့နေရတာဖြစ်ပါတယ်။

ကိုယ့်နိုင်ငံထဲမှာ COVID-19 ရောဂါပိုးက တွေ့နေရပြီ။ ဒီလိုအချိန်မျိုးမှာ တာဝန်ရှိသူတွေဘက်က တားဆီးထားတဲ့ကြားက မင်္ဂလာဆောင်နဲ့ အလှူပွဲတချို့ ကျင်းပကြတဲ့ ပုံရိပ်တချို့ လူမှုကွန်ရက်မှာ တက်လာပါသေးတယ်။ ‘ကုသိုလ်ကောင်းမှု အလုပ်အတွက် ဘယ်ရောဂါပိုးကိုမှ မကြောက်ဘဲ လုပ်နေတဲ့ ကျွန်တော်တို့ရဲ့ အလှူပွဲကြီး’ ဆိုတဲ့ပုံစံမျိုး တလွဲဆံပင်ကောင်း ဂုဏ်ယူပြောဆိုမှုကိုလည်း ကြားရပါသေးတယ်။ သူတို့ဘက်က ရှင်လောင်းလှည့်အလှူပွဲပုံရိပ်နဲ့ ဂုဏ်ယူတကြီး လိုင်းပေါ်တင် ပြောဆိုနေပေမယ့် အဲဒီလိုမျိုး လူစုလူဝေးနဲ့ တန်းစီ အရပ်လှည့်နေတာဟာ အားလုံးအတွက် ဘယ်လောက်ထိ အန္တရာယ်များတယ်ဆိုတာနဲ့ ဒီလူတွေဟာ ကျန်းမာရေးအသိ ဘယ်လောက်ထိ နည်းပါးလွန်းတယ်ဆိုတာ သက်သေပြနေတာပါ။

(၄)

နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေမှာပဲဖြစ်ဖြစ် ဒီနိုင်ငံက ပြည်သူတွေကြားမှာ အမြဲတမ်းလိုလို ပြဿနာ တက်နေတဲ့ကိစ္စတစ်ခု ရှိပါတယ်။ အဲဒါဟာ ကမ္ဘာသုံး မီဒီယာတစ်ခုဖြစ်နေတဲ့ လူမှုကွန်ရက်ပေါ်မှာ ရည်ရွယ်ချက် ရှိရှိဖြစ်စေ၊ ဆင် ခြင်တုံတရား ကင်းမဲ့စွာနဲ့ဖြစ်စေ မှန်ကန်မှုမရှိ၊ အတည်မပြုနိုင်တဲ့ သတင်းဖြစ်ရပ်တွေကို အုံနဲ့ကျင်းနဲ့ ဝိုင်းပြီး ရှယ်နေ၊ ဖြန့်နေကြတာပါ။ ခု COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးနဲ့ပတ်သက်ပြီး ဘယ်နေရာမှာ ရောဂါပိုးရှိသူ ဘယ်နှယောက်တွေ့နေပြီ၊ ဘယ်မြို့မှာတော့ အခြေအနေတွေ ဘယ်လောက်တောင် ဆိုးရွားနေပြီဆိုတဲ့ မမှန်သတင်းတွေ၊ အသံဖိုင်တွေ ကြားနေရတာဟာ စိတ်ပျက်ဖွယ် ရာပါပဲ။

ဒီသတင်းဟာ ဘယ်ကနေ လာတာလဲ၊ သတင်းရင်းမြစ်က ဘယ်လောက်ထိ ခိုင်မာမှုရှိနိုင်မလဲ မစိစစ်၊ မဝေဖန်၊ ကိုယ် ရှယ်လိုက်တဲ့ သတင်းအတွက် ငွေကြေးတစ်စုံတရာ အကျိုးအမြတ် လည်း မရဘဲ သူများယောင်တိုင်း လိုက်ယောင်ပြီး ရှယ်နေ၊ မျှနေကြသူတွေထဲမှာ ပညာတတ်ဆိုတဲ့ လူတချို့တောင် ပါနေတဲ့အတွက် ဒါဟာလည်း ကျွန်တော်တို့တွေရဲ့ အဆင်ခြင်မဲ့မှုတစ်ခု ဖြစ်နေတာပါ။ အထူးစိုးရိမ်စရာကောင်းတဲ့ နောက်တစ်ချက်ကတော့ နေရာတကာမှာ ‘သေချင်တဲ့သူက သေမှာပဲ၊ ကံပါလာရင်ဖြစ်မှာပဲ’ ဆိုတဲ့ မျက်ကန်းတစ္ဆေမကြောက် အယူအဆတွေနဲ့ ကျန်းမာရေးအသိ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ ငြင်းဆန်နေတဲ့ လူတချို့ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ခုရက်ပိုင်းမှာ COVID-19 ရောဂါပိုး ကူးစက်လာသူစာရင်း ကိုကြည့်လိုက်တာနဲ့ ဒီဗိုင်းရပ်စ်ရဲ့အစဟာ ပြည်တွင်းကနေမဟုတ်ဘဲ အင်္ဂလန်၊ အမေရိကန်စတဲ့ ပြည်တော်ပြန်တွေဆီက ပါလာ တယ်ဆိုတာ အားလုံးအသိပါ။ ဒါပေမဲ့ ပြဿနာကတော့ အဲဒီ ပြည်တော်ပြန်တွေ ကိုယ်တိုင်က ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေအတွက် လိုအပ်ချက်အရ စစ်ဆေးမှု၊ အသွားအလာ ကန့်သတ်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်မှာကို ကြည်ဖြူ ရွှင်သာ မခံယူနိုင်ကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကစပြီး ရန်ကုန်တိုင်းလူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း Home Quarantine လုပ်နေရပြီဆိုတဲ့အကြောင်း ကြားလိုက်ကြမှာပါ။ အဲဒီရက် ရှေ့မှာပဲ လှည်းကူး ပြည်သူ့ကျန်းမာရေးသင်တန်းကျောင်းနဲ့ ဆရာတော် အရှင်ဆေကိန္ဒရဲ့ ကျောင်းတိုက်မှာ ထိန်းသိမ်းစောင့်ရှောက်မှုရှိတဲ့ ပြည်ပက ပြန်လာသူတွေကို ဦးနိုင်ငံလင်း သွားရောက်ကြည့်ရှုခဲ့တယ်။ အဲဒီတုန်းက သက်ဆိုင် ရာနေရာဌာနမှာ ၁၄ ရက် ထိန်းသိမ်းစောင့်ရှောက်ထားတာ မခံနိုင်လို့ဆိုပြီး ဦးနိုင်ငံလင်းကို ပြန်ပြီး စောဒကတက်၊ ရန်တွေ့နေတဲ့ ပြည်တော် ပြန်တချို့ရဲ့ လုပ်ရပ် ရုပ်သံဖိုင်ကိုလည်း တွေ့လိုက်ရပါသေးတယ်။

နောက်ပြီး ထိုင်းနိုင်ငံ နယ်စပ်ဘက်က အစုလိုက်အပြုံလိုက် ပြန်လာကြသူတွေထဲက ပြည်တော်ပြန်တချို့ ရောဂါမပျံနှံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ခံ ရမှာကြောက်လို့ ငြင်းဆန်တာတွေ၊ ဟိုကျော်ဒီခွလုပ်တဲ့ ပုံတွေကိုလည်း လူမှုကွန်ရက်မှာ စိတ်ပျက်ဖွယ်ရာ တွေ့ခဲ့ရပါသေးတယ်။ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားလာချိန်မှာ တစ်ဘက်နိုင်ငံကလည်း သူ့ နိုင်ငံသားမဟုတ်သူတွေကို အနည်းနဲ့အများ ပြန်လွှတ်မှာဖြစ်လို့ ပြည်ပကလူတွေ ပြည်တော်ပြန်လာကြတာ နားလည်ပေးရမယ့်ကိစ္စပါ။ ဒါပေမဲ့ နိုင်ငံခြားကနေ ပြန်လာ ပြီဆိုရင်တော့ လိုအပ်ရင်လိုအပ်သလို အသွားအလာကန့်သတ်မှု၊ စောင့်ကြည့်စစ်ဆေးမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်း ပြုလုပ်မှုတွေကိုတော့ နိုင်ငံသားတစ်ယောက်ရဲ့အသိစိတ်နဲ့ ခံယူသင့်တာ အမှန်ပါပဲ။

(၅)

ဒီနိုင်ငံမှာရှိတဲ့ ပြည်သူတချို့ရဲ့ အသိဉာဏ်ကင်းမဲ့မှု၊ နိုင်ငံသားစိတ်ဓာတ် မရှိမှု၊ တာဝန်ယူတာဝန်ခံမှု ကင်းမဲ့ခြင်း၊ စိတ်ယဉ်ကျေးမှု နိမ့်ပါးခြင်းနဲ့ပတ်သက်ပြီး စိတ်ပျက်စရာအကောင်းဆုံး သတင်းတစ်ပုဒ် ရှိပါသေးတယ်။ အဲဒါကတော့ တရုတ်နိုင်ငံက ပြန်လာတဲ့ အမျိုးသားတစ်ဦးကို မတ်လ ၂၅ ရက်၊ ညနေပိုင်းက ကျန်းမာရေးသွားရောက် စစ်ဆေးတဲ့ကိစ္စ အကြောင်းပြုပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး ဓားနဲ့အခုတ်ခံခဲ့ရတဲ့သတင်း ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာမှာ တရုတ်နိုင်ငံက ပြန်လာသူကို ကျေးလက်ကျန်းမာရေးမှူးက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ သူ ဒီလို စစ်ဆေးခံရတာဟာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ စီမံမှုကြောင့်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူးကို ခေါင်းဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ အဲဒီနောက် တရုတ်က ပြန်လာသူရဲ့အိမ်ကို အုပ်ချုပ်ရေးမှူးအဖွဲ့က လိုက်ပါသွားချိန်မှာ အဖွဲ့ဝင်တစ်ဦး ဓားနဲ့အခုတ်ခံခဲ့ရကြောင်း ကြားခဲ့ရတာပါ။

ဒီအဖြစ်အပျက်ကို ကြည့်လိုက်တာနဲ့ ကျွန်တော်တို့ ပြည်သူတွေကြားမှာ ဘယ်လောက်ထိ အဆင်ခြင်မဲ့၊ အသိဉာဏ်မဲ့မှုတွေ ရှိနေတယ်ဆို ခန့်မှန်းနိုင်ပါလိမ့်မယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို တောင့်ခံနိုင်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးကြီးလာချိန်မှာ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးအသိ၊ လူမှုရေးအသိ၊ လူ့ယဉ်ကျေးမှုရှိရှိနဲ့ တွေးခေါ်၊ မြော်မြင်၊ ပြုမူ၊ ဆောင်ရွက်သွားကြဖို့ လိုအပ်နေတာတော့ အမှန်ပါပဲ။ တစ်ဦးချင်းစီက ကိုယ့်တာဝန်ကိုယ်ယူပြီး မိမိကိုယ်ကိုယ် ကာကွယ်ရင်းနဲ့ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံတစ်ခုလုံး ရောဂန္တရကပ်ဘေးကြီးကနေ တတ်နိုင်သမျှ လွတ်အောင် ပူးပေါင်းလုပ်ဆောင်သွားကြဖို့ပဲဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာ အသိဉာဏ်မဲ့၊ ထင်ရာစိုင်းပြီး တာဝန်သိစိတ် မရှိခဲ့ရင်တောင် ခုလိုမျိုး နိုင်ငံသားအားလုံးအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိနေတဲ့ ကပ်ရောဂါ အကျပ်အတည်းကာလမှာတော့ ကိုယ့်ရဲ့ တာဝန်မဲ့မှုကြောင့် ကိုယ့်နိုင်ငံ ဒုက္ခမရောက်သင့်ဘူးဆိုတာ ဆင်ခြင်ကြဖို့ပါပဲ။

မိုးအောင်လင်းနိုင် (ရိုးရာ‌လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top