ဒင်္ဂါးပြား သင်ခန်းစာ

euro-coin-on-wood-table-P5734VC.jpg

တစ်ခါက ပညာရှိပုဂ္ဂိုလ်တစ်ဦးဟာ နာမည်ကျော်ကြားလှတဲ့ ဘုရင်ကြီးတစ်ပါးရဲ့ မြို့တော်မှာ ဖြတ်လျှောက်သွားပါတယ်။ သူ လျှောက်နေတုန်း လမ်းပေါ်မှာ ငွေဒင်္ဂါးပြား တစ်ပြား သတိပြုမိပါတယ်။ သူဟာ ရိုးစင်းတဲ့ဘဝကိုသာ ပျော်မွေ့လေတော့ ဒီဒင်္ဂါးပြားဟာ သူ့အတွက်တော့ ဘာမှ အသုံးမဝင်ဘူးပေါ့။

ဒါကြောင့် သူက ဒီဒင်္ဂါးပြားကို အသုံးဝင်မယ့် သူတစ်ယောက်ကို ပေးဖို့ စဉ်းစားလိုက်ပါတယ်။ သူဟာ တစ်နေ့လုံး လျှောက်သွားပေမဲ့ တစ်ယောက်မှ ရှာမတွေ့ပါဘူး။ နောက်ဆုံး မြို့ရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိသွားပြီး အဲဒီမှာပဲ ညအိပ်လိုက်ပါတော့တယ်။

နောက်တစ်နေ့ မနက်မှာ သူ့ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ဖို့ နိုးထလာပြီး တခြားပြည်နယ်မှာ စစ်တိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ တပ်တစ်တပ်နဲ့အတူ ဘုရင်တစ်ပါးကို သူ တွေ့လိုက်ပါတယ်။

ဘုရင်ကြီးက ပညာရှိပုဂ္ဂိုလ်ကို ရပ်နေတာ မြင်တော့ သူ့စစ်တပ်ကို ရပ်ဖို့ အမိန့်ပေးလိုက်တယ်။ သူက ပညာရှိပုဂ္ဂိုလ်ထံ သွားပြီး “အို ပညာရှိကြီး ကျုပ်ရဲ့ နယ်မြေကျယ်ပြန့်လာစေဖို့ နောက်ထပ် ပြည်နယ်တစ်ခုကို အောင်နိုင်ဖို့ စစ်တိုက်ထွက်ပါမယ်။ ဒါကြောင့် ကျုပ်ကို အောင်မြင်အောင် ကောင်းချီးပေးပါလေ” လို့ ပြောပါသတဲ့။

ပညာရှိပုဂ္ဂိုလ်ဟာ စဉ်းစားလိုက်ပြီး ငွေဒင်္ဂါးပြားကို ဘုရင်ကြီးထံ ပေးလိုက်ပါတယ်။ ဘုရင်ကြီးလည်း နားမလည် ဖြစ်သွားပါတယ်။ သူဟာ အချမ်းသာဆုံး ဘုရာတစ်ပါးဖြစ်ပြီး ဒီလို ငွေဒင်္ဂါးတစ်ပြားဟာ သူ့အတွက် ဘာမှ အသုံးမဝင်တာကြောင့် စဉ်းစားရ ခက်သွားပါတယ်။ “

ဒီဒင်္ဂါးက ဘာအဓိပ္ပာယ်ပါလဲ” လို့ ဘုရင်ကြီးက စိတ်ဝင်တစား မေးလိုက်ပါတယ်။

“အို အရှင်မင်းမြတ်၊ အရှင့်ရဲ့ မြို့မှာ ကျွန်ုပ်လမ်းလျှောက်သွားရင်း ဒီဒင်္ဂါးပြားကို မနေ့က တွေ့ခဲ့တာပါ။ ဒါပေမဲ့ အကျွန်ုပ်မှာ သုံးစရာမရှိပါဘူး။ ဒါကြောင့် လိုအပ်တဲ့သူ တစ်ယောက်ယောက်ကို ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ညနေခင်းအထိ လျှောက်ရှာပေမယ့် တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။

လူတိုင်းဟာ သာယာပျော်ရွှင်တဲ့ ဘဝလေးမှာ နေထိုင်နေကြပါတယ်။ လူတွေအားလုံးဟာ သူတို့ပိုင်ဆိုင်ထားတဲ့ ဘဝမှာ ကျေနပ် ပျော်ရွှင်နေကြပုံပါပဲ။ ဒါကြောင့်မို့ ဒီဒင်္ဂါးပြားလေးကို ပေးဖို့ လူမတွေ့ခဲ့ပါဘူး။

ဒါပေမဲ့ ဒီနေ့တော့ ဒီနယ်မြေရဲ့ဘုရင်ကြီးမှာ နောက်ထပ် လိုချင်ဆန္ဒတွေရှိနေပြီး သူ့မှာ ရှိနေတဲ့ အရာနဲ့ မကျေနပ်နိုင်တာကို တွေ့ရတော့ ဒီဒင်္ဂါးပြားကို အရှင်မင်းမြတ် လိုအပ်လိမ့်မယ်လို့ တွေးမိလို့ပါ” လို့ ပညာရှိပုဂ္ဂိုလ်က ဖြေရှင်းပါတယ်။

ဘုရင်ကြီးလည်း သူ့အမှားကို နားလည်သွားပြီး စစ်တိုက်မယ့် အစီအစဉ်ကို လက်လျှော့လိုက်ပါတယ်။

ဒီပုံပြင်လေးကနေ ရရှိတဲ့သင်ခန်းစားကတော့ ကျွန်တော်တို့လူသားတွေဟာ ကိုယ့်မှာရှိတဲ့အရာနဲ့ ပျော်ရွှင်စွာ နေတတ်ဖို့ သင်ယူသင့်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံး ရှိတာထက် ပိုကောင်းချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရရှိထားတဲ့ ဘဝရဲ့ပျော်ရွှင်မှုကို ခံစားရမယ့် အခွင့်အရေးကိုတော့ ဖြုန်းမတီးပစ်ပါနဲ့။

သင့်မှာရှိတာတွေတောင်မှ မရရှိတဲ့သူတွေ ရှိသလို သင့်ထက်ပိုပြီး များစွာ ပိုင်ဆိုင်နေရတဲ့ သူတွေလည်း ရှိပါတယ်။ အမြဲတမ်း နှိုင်းယှဉ်မနေဘဲ ပျော်ရွှင်ကျန်းမာတဲ့ ဘဝကိုသာ ဦးတည်သွားသင့်ပါတယ်။

Ref : Knowledge : The Needy King and a Sage
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top