နေပြည်တော်ရှိ ပြည်ထောင်စုကော်မရှင် ရုံးရှေ့မှာ ဒီနေ့ ( နိုဝင်ဘာလ ၁၁ ရက်) နေ့လည်ပိုင်းက လူအင်အား (၅၀) ဝန်းကျင်ခန့် လာရောက်ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။
” တရားမျှတမှုမရှိသော ရွေးကောက်ပွဲကော်မရှင်အား လုံးဝအယုံအကြည်မရှိ ”၊ ” မတရားမှုမှန်သမျှဆန့်ကျင်ကြ ” ၊ ” မသမာသည့် မဲစာရင်းများစိစစ်ဖော်ထုတ်ပေးရေး ဒို့အရေး” စတဲ့စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူတွေက လယ်ဝေးနဲ့ ဒက္ခိဏက မဲဆန္ဒရှင်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ နှင်းဆီပါတီ ဝန်းရံသူတွေလည်း ပါတယ်လို့ ဆန္ဒပြသူတွေကိုယ်တိုင် ပြောဆိုချက်အရ သိရပါတယ်။
အခုဆန္ဒပြတာက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမတိုင်ခင် နာရီဝက်လောက်အလိုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကိုတော့ ၃ နာရီမှာ စတင်ကျင်းပခဲ့တာပါ။
ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့ပြီး ဥပဒေနဲ့အညီဆောင်ရွက်ဖို့ အေးအေးဆေးဆေးပြန်ကြဖို့ လာရောက်ပြောဆိုပြီးပြန်လွှတ်ခဲ့တာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့နဲ့ ကော်မရှင်ရုံးကိုလာရာလမ်းပေါ်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။
ရဲကိုဦး (ရိုးရာလေး)