အများပြည်သူကျန်းမာရေးက နံပါတ်(၁) ဖြစ်လို့ အောင်နိုင်ရေးကမ်ပိန်းတွေကို ဆိုင်းငံ့ထားတယ်လို့ ပြည်သူ့ပါတီ ဆို

8-9-2020-yyl-023.jpg

ရန်ကုန် စက်တင်ဘာ ၈

COVID-19 ရောဂါ ပြန့်နှံ့မှုတွေ ဖြစ်ပွားနေတဲ့ အခုလိုကာလမျိုးမှာ အများပြည်သူရဲ့ ကျန်းမာရေးဟာ နံပါတ်(၁) ဖြစ်တဲ့အတွက် ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကမ်ပိန်းတွေကို ဆိုင်းငံ့ထားတယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ စက်တင်ဘာ ၈ ရက်ကနေစတင်ပြီး ကမာရွတ် မြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးကမ်ပိန်းတွေကို ပြုလုပ်ဖို့ ပြင်ဆင်ထားပေမယ့် ပြည်သူတွေရဲ့ ကျန်းမာရေးက အဓိကဖြစ်တဲ့အတွက် ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တာလို့ ၎င်းက ဆိုပါတယ်။

”အခုလို အထိတ်ထိတ်အလန့်လန့်ဖြစ်နေကြတဲ့အချိန်မှာ ရွေးကောက်ပွဲအနိုင်ရရေးဆိုတဲ့ ဦးတည်ချက် တစ်ခုတည်းနဲ့သွားနေတဲ့ကိစ္စကို ကျွန်တော်ကိုယ်တိုင်လည်း လိပ်ပြာမသန့်ဘူး။ ပြည်သူတွေအတွက်လည်း အားတောင့်အားနာဖြစ်တယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။
ရွေးကောက်ပွဲဆိုတာ ၅ နှစ်မှာ တစ်ကြိမ်သာ ဖြတ်သန်းရမှာဖြစ်ပေမယ့် အခုလိုအချိန်မှာ အများပြည်သူရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုပဲ အဓိကထားပြီး အကူအညီပေးကြဖို့၊ အာရုံစိုက်ကြဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ၎င်းက ဆိုပါတယ်။

ပြည်သူ့ပါတီအနေနဲ့ အခုလိုဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ကနဦးရည်ရွယ်ထားတဲ့ ကမ်ပိန်းဖွင့်ပွဲ၊ လူထုတွေ့ဆုံပွဲ၊ လူထုနဲ့အတူလမ်းလျှောက်တာတွေကို မပြုလုပ်ခဲ့ဘဲ ဆိုင်းဘုတ်တွေဝှေ့ယမ်းတဲ့အစီအစဉ်တစ်ခုကိုသာ လှည်းတန်းစင်တာရှေ့မှာ ပြုလုပ်ခဲ့တာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာ ၈ ရက်၊ နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက်၊ ည ၁၂ နာရီအထိ(ရက်ပေါင်း ၆၀) ခွင့်ပြုထားတာဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top