ကိုယ်ချင်းစာတရားဆိုတာ

23-5-2022-yyl-05.jpg

” ‌ခွေးပေါက်လေးတွေ ရောင်းရန်ရှိသည်” ဆိုတဲ့ ဆိုင်းဘုတ်နားမှာ ရစ်သီရစ်သီ လုပ်နေတဲ့ ကောင်လေးက ဆိုင်ရှင်ကိုတွေ့တော့ မေးလိုက်တယ်။
” ခွေးလေးတွေကို ဘယ်လောက်နဲ့ ရောင်းမှာလဲ ဦးလေး”
” ဒေါ်လာ ၃၀ ကနေ ၅၀ ကြား အစားစားပဲကွ ”
ကောင်လေးက သူ့အိတ်ထဲက အကြွေလေးတွေကို ထုတ်ရေလိုက်ပြီး
” ကျွန်တော့်မှာ ဒေါ်လာ ၂.၃၇ ပဲ ရှိတယ်။ ခွေးလေးတွေကို ကြည့်လို့ရမလား ဦးလေး”
ဆိုင်ရှင်က ပြုံးပြီး လေချွန်လိုက်တော့ လှောင်အိမ်ထဲကနေ ခွေးသားအုပ်မကြီး ထွက်လာတယ်။ သူ့နောက်မှာတော့ အမွေးပွပွ ခွေးလေး ၅ ကောင် လိုက်လာတယ်။ ခွေးလေးတစ်ကောင်ကတော့ နောက်မှာ တော်တော်လေး ပြတ်ကျန်နေတယ်။

ခြေဒရွတ်ဆွဲနေတဲ့ ခွေးလေးကို လက်ညိုးထိုးပြပြီး ကောင်လေးက မေးလိုက်တယ်။
” ဒီခွေးလေးက ဘာဖြစ်နေတာလဲ ဦးလေး”
” ဒီခွေးလေးက တင်ပဆုံခွက်မပါလို့ လမ်းမလျှောက်နိုင်ဘူး။ တသက်လုံးလည်း ဒီအတိုင်းပဲ ထော့နဲ့ထော့နဲ့ ဖြစ်နေလိမ့်မယ်လို့ ဆရာဝန်က ပြောတာပဲ”
ကောင်လေးရဲ့မျက်လုံးတွေက အရောင်တောက်ပသွားတယ်။ ပြီးတော့
” ကျွန်တော် ဒီခွေးလေးကို ဝယ်ချင်တယ် ဦးလေး”လို့ ပြောလိုက်တယ်။

” ဒီခွေးလေးကို မင်း သဘောကျမှာ မဟုတ်ပါဘူးကွာ။ မင်းသာ တကယ်လိုချင်တယ်ဆိုရင်တော့ မဝယ်နဲ့။ ငါ အလကားပေးမယ်”
ဆိုင်ရှင်ဦးလေးကြီးရဲ့စကားကို ကြားလိုက်တော့ ကောင်လေးက မျက်စိမျက်နှာပျက်သွားတယ်။ ဆိုင်ရှင်ကို မျက်လုံးချင်း ဆုံကြည့်ပြီး ” ကျွန်တော်အလကားမလိုချင်ဘူး။ ဒီခွေးလေးလည်း တခြားခွေးလေးတွေနဲ့တန်းတူ တန်ဖိုးရှိတာပဲ။ အဲဒီတော့ သူ့အတွက် ကျွန်တော် ငွေအပြည့်ပေးမယ်။ အခုတော့ ကျွန်တော့်မှာ ဒေါ်လာ ၂.၃၇ ပဲ ရှိတယ်။ တစ်လကို ပြား ၅၀ စီ ကျေအောင် ဆပ်သွားမယ်”။

ဆိုင်ရှင်လူကြီးကလည်း လက်မခံဘူး။ ” ဒီခွေးလေးကို မင်း သဘောကျမှာ မဟုတ်ပါဘူး ကောင်လေးရာ။ သူက တခြားခွေးလေးတွေလို မင်းနဲ့အတူတူ ခုန်ပေါက် ကစားပေးနိုင်မှာ မဟုတ်ဘူးကွ”ဆိုင်ရှင်လူကြီး စကားမဆုံးသေးခင်မှာပဲ သူ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ကောင်လေးက ဘောင်းဘီတစ်ဖက်ကို ဆွဲလိပ်တင်လိုက်တော့ လိမ်ကောက်နေတဲ့ ဘယ်ဘက်ခြေထောက်မှာ သံထောက် စွပ်ထားရတာကို မြင်လိုက်ရလို့ပါပဲ။

တဆက်တည်းမှာပဲ လို့ ကောင်လေးက စကားတစ်ခွန်းကို ခပ်တိုးတိုး၊ ခပ်ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ ” ကျွန်တော်လည်း ကောင်းကောင်းပြေးနိုင်တာမှ မဟုတ်တာလေ။ ခွေးလေးအတွက်လည်း သူ့ကို နားလည်ပေးနိုင်မယ့်လူတစ်ယောက်လောက် လိုအပ်မှာပေါ့ဗျာ”တဲ့။

Ref: Puppies for Sale

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top