အထူးလိုအပ်ချက်ရှိတဲ့ ကလေးတွေအတွက် အထူးဖန်တီးထားတဲ့ စက်ဘီးတွေ လှူပေးခဲ့သူ

21-5-2022-yyl01.jpg

စက်ဘီးစီးရတာကို ဝါသနာထုံတဲ့ စွန့်ဦးတီထွင်သူ အန်ဒရူးမက်လင်ဒန်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ စက်ဘီးစီးနေရင်း သူ့မိတ်ဆွေရဲ့ ၁၂ နှစ်အရွယ် သားလေးအကြောင်း တွေးမိသွားတယ်။ အဲဒီကလေးက ဦးနှောက်မှာ အရည်များနေလို့ ကိုယ့်ကိုယ်ကိုယ် ဟန်ချက်မထိန်းနိုင်သူပါ။ ဒါကြောင့် သူက စက်ဘီးလည်း တစ်ခါမျှ မစီးဖူးဘူး။

အိမ်ပြန်ရောက်ချိန်မှာ မက်လင်ဒန်က အွန်လိုင်းကနေ စက်ဘီးပုံစံအမျိုးမျိုး လိုက်ရှာကြည့်ခဲ့တယ်။ အဲဒီလို လိုက်ရှာရင်း ထိုင်ခုံခါးပတ်ပါတဲ့ သုံးဘီးစက်ဘီးလေးကို တွေ့ခဲ့တာပါ။ ဒီစက်ဘီးက ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တဲ့ ကလေးတွေအတွက် အသင့်တော်ဆုံးပဲလို့ မက်လင်ဒန်က ကောက်ချက်ချပြီး သူငယ်ချင်းရဲ့သားအတွက် ဝယ်ပေးလိုက်တယ်။ ကလေးကလည်း ဒီစက်ဘီးကိုရတာနဲ့ အရမ်းပျော်သွားပြီး စက်ဘီးပတ်စီးလိုက်၊ လေ့ကျင့်ခန်းလုပ်လိုက် ဖြစ်နေတာပေါ့။

” သူ့သားက တခြားကလေးတွေနဲ့အတူတူ ဆော့ကစားခွင့် ရသွားတာကိုကြည့်ရင်း ကျွန်တော့်သူငယ်ချင်း ပြုံးလိုက်တဲ့အပြုံးကို တစ်သက်မေ့မှာ မဟုတ်ပါဘူး ”လို့ မက်လင်ဒန်က ဆိုပါတယ်။ အဲဒီအပြုံးက မက်လင်ဒန်မိသားစုဖောင်ဒေးရှင်း စထောင်ဖြစ်ခဲ့တဲ့ အကြောင်းရင်းပါပဲ။ အလှူရှင်တွေကလည်း ရန်ပုံငွေ လှူဒါန်းပေးကြတယ်။ မက်လင်ဒန်ဖောင်ဒေးရှင်းက ကလေးငယ် ပြန်လည်ထူထောင်ရေးဆေးရုံတွေနဲ့ ပူးပေါင်းပြီး ဘယ်ကလေးတွေကို adaptive bike(လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဖန်တီးထားတဲ့စက်ဘီး) ဝယ်ပေးရမလဲဆိုတာ စိစစ်ခဲ့ကြတယ်။ စက်ဘီးတစ်စီးချင်းစီကိုလည်း ကလေးငယ်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဖန်တီးခဲ့ကြတယ်။

အများအားဖြင့် adaptive bike တစ်စီးမှာ နောက်မီရင် ခေါင်းတင်လို့ရမယ့်နေရာ၊ ပခုံးသိုင်းကြိုး၊ ထိုင်ခုံခါးပတ်၊ ဘေးကနေ လိုက်ထိန်းပေးမယ့်သူအတွက် စက်ဘီးနောက်မှာ အထိန်းနဲ့ ဘရိတ် အစရှိတဲ့အရာတွေ ပါပါတယ်။ စက်ဘီး ထုတ်လုပ်တဲ့သူတွေက ဖောင်ဒေးရှင်းအတွက် အများကြီး ဈေးလျှော့ပေးထားတာတောင် စက်ဘီးတစ်စီးကို ဒေါ်လာ ၃၀၀၀ ကနေ ၄၀၀၀ ကြား ကျသင့်ပါတယ်။ ဒီလိုစက်ဘီးမျိုးရတဲ့ ကလေးကတော့ သူတို့ဘဝအတွက် အပြောင်းလဲကြီးဖြစ်စေမယ့် အခွင့်အရေး ရတာပါပဲ။

မွေးရာပါ ကျောရိုးမူမမှန်မှုကြောင့် အများအားဖြင့် အိပ်ယာထဲမှာလှဲပြီး တီဗီပဲ ကြည့်နေရတဲ့ ၁၄ နှစ်အရွယ် မိန်းကလေးငယ်ဆိုရင် စက်ဘီးရခဲ့ပြီးနောက်မှာ အထူးစောင့်ရှောက်ဖို့လိုအပ်သူများ ၃ မျိုးစပ် အားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လေ့ကျင့်ခန်းတောင် ဆင်းနိုင်ခဲ့ပါတယ်။

” ကျွန်တော့်ဘဝမှာ အလုပ်တွေအများကြီး လုပ်ခဲ့ဖူးတယ်။ ကုမ္ပဏီတွေလည်း အများကြီး ဖွင့်ခဲ့ဖူးတယ်။ ဒါပေမဲ့ လိုအပ်နေတဲ့ ကလေးငယ်တွေကို အခုလိုစက်ဘီးတွေရအောင် လုပ်ပေးနိုင်တာကတော့ ဘဝရဲ့အရေးအကြီးဆုံးလုပ်ရပ်ပါပဲ” လို့ မက်လင်ဒန်က ပြောပါတယ်။ မက်လင်ဒန်ဖောင်ဒေးရှင်းဟာ လိုအပ်ချက်ရှိတဲ့ ကလေးငယ်တွေအတွက် လက်ရှိအချိန်အထိ စက်ဘီးအစီးရေ ၄၅၀ အထိ ပေးအပ်နိုင်ခဲ့ပြီးပါပြီ။

Ref: Reader’s Digest ” This Cyclist Has Given More Than 450 Adaptive Bikes to Children in Need”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top