တောမီးလောင်လို့ ပျက်စီးနေတဲ့ အုတ်ကျိုးပဲ့၊ ပြာမှုန့်တွေကြားကနေ ခွေးလေးကို ကယ်ထုတ်ခဲ့ရ

15-9-2020-yyl-001.jpg

လက်ရှိအချိန်မှာ ကယ်လီဖိုးနီးယားပြည်နယ်ဟာ တောမီးလောင်ကျွမ်းမှုကြောင့် အထိနာဆုံးဖြစ်နေပါတယ်။ အာဏာပိုင်တွေက ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ တောမီးကြောင့် ပျက်စီးသွားတဲ့နေရာတွေကို ရှာရင်းနဲ့ အုတ်ကျိုးပဲ့တွေကြားမှာ တစ်စုံတစ်ခုကို ရှာတွေ့ခဲ့ရပါတယ်။ သူတို့ရှာတွေ့ခဲ့တာက ခွေးလေးတစ်ကောင်ပါ။ အာဏာပိုင်တွေက ခွေးလေးကို ထရိုပါလို့ ယာယီနာမည်ပေးခဲ့ပါတယ်။

တောမီးလောင်ကျွမ်းခဲ့တဲ့ နေရာကနေ ခွေးလေးတစ်ကောင် အသက်ရှင်လျက်တွေ့ရတဲ့အကြောင်းကို the Butte County Sheriff’s Office က ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ရေးသားခဲ့တာပါ။ “ကျွန်တော်တို့ကောင်တီတစ်ခုလုံးမှာ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ရက်တွေများခဲ့ပါတယ်။ ဒီနေ့မှာတော့ ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ကို မျှဝေရမယ်လို့ ကျွန်တော်တို့ တွေးမိခဲ့ပါတယ်။ ကောင်တီ အရာရှိတွေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့သောကြာနေ့မှာ တောမီးလောင်ကျွမ်းတဲ့ ဒဏ်သင့်နေရာတွေကို ရှာဖွေနေခဲ့တယ်။ အဲဒီအချိန်မှာ ခွေးလေးတစ်ကောင်ကို အုတ်ကျိုးပဲ့နဲ့ပြာမှုန့်တွေကြားကနေ မမျှော်လင့်ဘဲတွေ့ရှိခဲ့ရပါတယ်”ဆိုပါတယ်။

ခွေးလေးကတော့ မီးလောင်ကျွမ်းတာ အနည်းငယ်ရှိခဲ့ပြီး အနီးနားက တိရစ္ဆာန်ဆေးကုခန်းကို ခေါ်သွားခဲ့ကြပါတယ်။ The sheriff’s office က အာဏာပိုင်တွေနဲ့အတူ ခွေးလေးကို ပြာမှုန့်တွေနဲ့ပစ္စည်းအကျိုးအပဲ့တွေကြားကနေ ကယ်ထုတ်ခဲ့တဲ့ ပုံတွေကို တင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေက ခွေးလေးကို လိုအပ်တဲ့အစားအစာနဲ့ ရေတွေ ပေးပြီး ကယ်တင်ပေးနေတာကို ပုံတွေမှာ မြင်တွေ့ရမှာပါ။ အာဏာပိုင်တွေက ခွေးပေါက်လေး ဘာလို့မီးတောထဲ ကျန်နေခဲ့တာလဲဆိုတာကို နောက်ပိုင်းမှာ သိရှိခဲ့ရပါတယ်။ “နည်းနည်းစုံစမ်းကြည့်ပြီးတဲ့နောက် ဒီနေရာပိုင်ရှင်က ခွေးတော်တော်များများရှိပြီး မီးဘေးကနေ ရှောင်တိမ်းဖို့လုပ်တောာ့ ခွေးတွေအကုန်လုံးကိုခေါ်သွားဖို့အတွက် ရှာမတွေ့နိုင်ခဲ့ဘူးဆိုတာ ကျွန်တော်တို့သိခဲ့ရပါတယ်”လို့ the Sheriff’s Office က ရေးသားထားပါတယ်။

မီးတောက်ကြီးက လူအသိုင်းအဝိုင်းကိုတောင် ဆက်လက်ခြိမ်းခြောက်နေတဲ့အတွက် ကယ်လီဖိုးနီးယားပြည်နယ်၊ အိုရီဂွန်ပြည်နယ်၊ ဝါရှင်တန်ပြည်နယ်တွေမှာ တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ (၃၅) ဦးသေဆုံးခဲ့ရပြီး ဧက (၄) သန်း မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ မီးတောက်က ထွက်လာတဲ့ မီးခိုးငွေ့ထုကြီးက ကနေဒါကနေ တောင်ကယ်လီဖိုးနီးယားအထိ ကျန်းမာရေးနဲ့မညီညွှတ်တဲ့လေထုအခြေအနေကို ဖြန့်ဝေရင်းနဲ့ ဆီအက်တယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့၊ ပေါ့လန်မြို့တို့မှာ အဆိုးဝါးဆုံးလေထုညစ်ညမ်းမှု အခြေအနေကို ဖန်တီးနေပါတယ်။

Ref: CBSNews “Puppy pulled from rubble following devastating California wildfire”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top