အတန်းဖော်သူငယ်ချင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တဲ့ စိတ်ထားမွန်မြတ်လှတဲ့ကောင်လေး

intl01-1.jpg

ချဆီ နေလန် စကွဲ (Chase Neyland Square) ဆိုတဲ့ (၈) တန်းကျောင်းသားလေးဟာ အသက်သာ ငယ်ပေမဲ့ နှလုံးလှတဲ့ကလေးလေးတစ်ယောက်ပါ။ သူဟာ လူဝီစီယားနားပြည်နယ်က Port Allen Middle School မှာ ကျောင်းတက်နေတာဖြစ်ပြီး ချို့တဲ့နွမ်းပါးတဲ့သူ့အတန်းဖော်သူငယ်ချင်းတွေကို ကူညီဖို့အတွက် “PAMs Pantey” ဆိုတဲ့ အဝတ်အစားဗီရိုလေးကို ကျောင်းမှာဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဗီရိုလေးထဲမှာ အဝတ်အထည်တွေအပြင် တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊ ဖိနပ်တွေနဲ့ အခြားပစ္စည်းတွေ ထည့်ပေးထားပါတယ်။

“ဗီရိုလေးနဲ့ ကူညီတာနဲ့ ပတ်သက်ပြီး ကျွန်တော်ကြိုက်တာက လူတော်တော်များများအတွက် အဝတ်အထည်တွေကို ရွေးထုတ်ပေးရတာပါပဲ။ ကျွန်တော့ကျောင်းမှာ ကွာခြားမှုတွေ ပြုလုပ်ပေးနိုင်တာ သိတဲ့အတွက် ဒီလိုလုပ်ပေးရတာ ကောင်းတယ်လို့ ကျွန်တော်ကို ခံစားရစေပါတယ်” လို့ ချဆီက ဆိုပါတယ်။

ဗီရိုလေးထားမယ်ဆိုတဲ့ အကြံဉာဏ်က ကျောင်းသားတွေဆီက ရလာတာဖြစ်ပြီး ကျောင်းမှာရှိတဲ့ အခြားသူတွေကို ဘယ်လိုကူညီပေးလို့ရမလဲလို့ စဉ်းစားရင်းနဲ့ အခုလိုအကြံရခဲ့တာဖြစ်ကြောင်း ကျောင်းအုပ် ဂျက်ဆီကာ မေဂျာ (Jessica Major) က ပြောပါတယ်။ Port Allen မှာ ကျောင်းသားတော်တော်များများက ဝင်ငွေနည်းပါးတဲ့အိမ်ထောင်စုက လာကြတာဖြစ်ပါတယ်။ ကျောင်းတက်ရင် အင်္ကျီကောင်းကောင်းမဝတ်နိုင်တဲ့ ကျောင်းသားတွေရှိပါတယ်။

“ကလေးတွေ တစ်ခုခုလိုအပ်တာနဲ့ သွားယူလို့ရတဲ့ နေရာရှိတယ်လို့ ခံစားရစေချင်ပါတယ်။ ကျွန်မတို့မှာ ကျောင်းသား (၂၁၅) ဦးသာရှိတဲ့အတွက် သူတို့အကြောင်း ကောင်းကောင်းသိပါတယ်။ ကျွန်မတို့ တတ်နိုင်တဲ့ဘက်က သူတို့ကို ကူညီဖို့ ကြိုးစားတာပါ” လို့ မေဂျာက ပြောပါတယ်။

မေဂျာနဲ့ သူ့အတွင်းရေမှူးတို့က လိုအပ်တဲ့အရာတွေကို လုပ်နေရတာကြောင့် ချဆီက ဗီရိုထဲက ပစ္စည်းတွေကို စီမံပေးရပါတယ်။ ဂျာကင်တွေ၊ ဖိနပ်တွေ၊ ကျောင်းအတွက်လိုအပ်တာတွေကို ပြည်နယ်အတွင်းက လူတွေကလည်း လှူဒါန်းကြပါတယ်။ ချဆီက အိမ်ရာမဲ့တွေကိုလည်း ခြေအိတ် (၇၀၀) ကျော် လှူဒါန်းခဲ့ပါသေးတယ်။

“သားက လူတွေအပေါ် ကူညီပေးရတာကို စိတ်အားထက်သန်တဲ့ပုံပါပဲ။ ဒါက ကျွန်မကို ဂုဏ်ယူရစေပါတယ်။ အခြားသူတွေကို ကောင်းချီးပေးဖို့ ကျွန်မတို့ သူ့ကို အားပေးနေမှာပါ” လို့ ချေ့ရဲ့မိခင် အမန်ဒါ စကွဲ (Amanda Square) က သူ့သားအတွက် ဂုဏ်ယူမဆုံးဖြစ်နေပါတယ်။

Ref: ABCNews “13-year-old creates school closet so his classmates will have nice clothes to wear”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top