ဆုတံဆိပ်ရအားကစားသမားတွေကို ငွေကျပ် သိန်း ၂၅၀၀ ကျော် ထပ်မံချီးမြှင့်

local03.jpg

မြန်မာနိုင်ငံက အားကစားအဖွဲ့ချုပ်တွေနဲ့ အားကစားသမားတွေအနေနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက် ကနေ ၂၀၁၉ ခုနှစ် သြဂုတ်အထိ ကျင်းပခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတံဆိပ်ပေါင်း ၃၀၀ ကျော်ရရှိခဲ့တယ်လို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောပါတယ်။
အခုလိုဆုတံဆိပ်ရရှိအောင် စွမ်းဆောင်ခဲ့ကြတဲ့ အားကစားအဖွဲ့ချုပ်တွေနဲ့ အားကစားသမားတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံအရေအတွက်ပေါ်မူတည်ပြီးတော့ နိုင်ငံတော်အစိုးရက ငွေကျပ် သိန်း ၂၅၀၀ ကျော် ထပ်မံဂုဏ်ပြုချီးမြှင့်ခဲ့တာပါ။

အဲဒီဂုဏ်ပြုဆုချီးမြှင့်ပွဲကိုတော့ သြဂုတ် ၃၀ ရက်၊ မွန်းလွဲ ၁ နာရီက အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)၊ ကျိုက္ကဆံကွင်းမှာရှိတဲ့ ပြည်ထောင်စုခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

”ဆီးဂိမ်းက နိုဝင်ဘာ ၃၀ ရက်မှာစမယ်။ အဲတော့ အခုလို ချီးမြှင့်လိုက်ခြင်းအားဖြင့် ဆီးဂိမ်းမှာ ဝင်ပြိုင်မယ့် အဖွဲ့ချုပ်က အားကစားသမားတွေအနေနဲ့လည်း ပိုပြီးအားတက်လာကြမယ်၊ ပိုပြီးကြိုးစားချင်စိတ်တွေ ရှိလာ မယ်ဆိုတာကို ယုံကြည်ပါတယ်”လို့ ဦးမျိုးလှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံက အားကစားသမားတွေအနေနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက် ကနေ ၂၀၁၉ ခုနှစ် သြဂုတ် အထိ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ အားကစားနည်း ၂၄ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရွှေတံဆိပ်(၁၀၀)ခု၊ ငွေတံဆိပ်(၈၂)ခု၊ ကြေးတံဆိပ်(၁၂၉)ခုနဲ့ စုစုပေါင်း ဆုတံဆိပ်(၃၁၁)ခု ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆုရကစားတွေအနက်က ၁၀ နိုင်ငံအထက်မှာ ရွှေတံဆိပ်ရရှိသူတွေကို သိန်း ၃၀၊ ငွေတံဆိပ်ရရှိ သူတွေကို သိန်း ၂၀၊ ကြေးတံဆိပ်ရရှိသူတွေကို ၁၀ သိန်း၊ ၅ နိုင်ငံအောက်မှာ ရွှေတံဆိပ်ရရှိသူတွေကို ၁၀ သိန်း၊ ငွေတံဆိပ်ရရှိသူတွေကို ၅ သိန်း၊ ကြေးတံဆိပ်ရရှိသူတွေကို ၃ သိန်း ထပ်မံချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။


နိုင်ငံတော်ကနေ ဂုဏ်ပြုဆုထပ်မံချီးမြှင့်တာကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်ကလည်း နေပြည်တော်မှာ တစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်တဲ့အတွက် အခုအကြိမ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ်တုန်းက သိန်း ၂၀၀၀ နီးပါး ချီးမြှင့်ခဲ့တာပါ။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top