ငိုကြွေးခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ

yyl-18-030.jpg

အမေရိကန်နိုင်ငံက အမျိုးသမီးတွေက တစ်လကို (၃-၅) ကြိမ်လောက် ငိုကြပြီး အမျိုးသားတွေက တစ်လကို (၁) (၂) ကြိမ်လောက် မျက်ရည်ကျကြတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်းက ငိုကြွေးတာကို အားနည်းချက်လက္ခဏာရပ် အနေနဲ့မြင်ကြပါတယ်။ ဒါပေမဲ့ သင် ငိုချင်သလိုဖြစ်နေရင် မျက်ရည်တွေကို ထိန်းမထားပါနဲ့။ ငိုချလိုက်ပါ။ တကယ်တော့ ကျွန်တော်တို့ ထင်ထားတာထက် ငိုကြွေးတာက ကျန်းမာရေး အကျိုးကျေးဇူးတွေရှိပါတယ်။ ငိုကြွေးခြင်းကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာကို ဖတ်ရှုလိုက်ကြရအောင်

စိတ်ဖိစီးမှု

ငိုကြွေးတာက စိတ်ဖိစီးနေတဲ့အတောအတွင်း လူတွေကို စိတ်သက်သာရာရစေတယ်လို့   ၂၀၁၄ခုနှစ်က လေ့လာချက်တွေမှာ တွေ့ရှိရပါတယ်။ ငိုကြွေးခြင်းကနေ ရရှိတဲ့ရလဒ်က ချက်ချင်းတော့မဖြစ်ပါဘူး။ ခန္ဓာကိုယ်ပေါ့ပါးမသွားခင် နှစ်မိနစ်လောက် အချိန်ယူရနိုင်ပါတယ်။ ငိုကြွေးတာက Parasympathetic Nervous System ကို လှုပ်ရှားလာစေပါတယ်။ အဲဒီsystem လှုပ်ရှားလာတဲ့အခါ ဦးနှောက်ကို အေးဆေးတည်ငြိမ်သွားစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

သွေးဖိအား

သွေးဖိအားများခြင်းက ဦးနှောက်သွေးကြောပြတ်တာ၊ နှလုံးရောဂါ၊ ဦးနှောက်ထိခိုက်တာ၊ ကျောက်ကပ်လုပ်ဆောင်ချက် နှေးတာတွေလို ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ငိုကြွေးခြင်းက သွေးဖိအားကို နည်းသွားအောင်လုပ်ပေးတဲ့အပြင် သွေးခုန်နှုန်းပုံမှန်ဖြစ်အောင်လည်း လုပ်ဆောင်ပေးတယ်လို့ လေ့လာချက်များစွာအရ သိရပါတယ်။

အဆိပ်အတောက်

ငိုကြွေးတဲ့အခါ မျက်လုံးက ကျဆင်းလာတဲ့မျက်ရည်တွေက မျက်လုံးက ဖုန်မှုန့်တွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်ရည်က စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ စုပုံလာတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ အဆိပ်အတောက်တွေ ဖယ်ရှားသွားတာက ခန္ဓာကိုယ်က ကော်တီဇုန်းပမာဏကို လျော့ချပေးပြီး စိတ်ပေါ့ပါးသွားစေမှာပါ။ ဒါကြောင့် ငိုကြွေးပြီးတဲ့အခါ စိတ်လေလံမှုမရှိဘဲ ပေါ့ပါးသွားတာကို မကြာခဏခံစားရတာဖြစ်ပါတယ်။

စိတ်မတည်မငြိမ်ဖြစ်ခြင်း

တစ်ခါတစ်လေ သင့်အပြုအမူတွေက ရန်လိုသလိုဖြစ်နေတာ၊ စိတ်အလိုမကျတာ၊ စိုးရိမ်သောကရောက်သလို ခံစားရနေတာတွေက တကယ်တော့ စိတ်မတည်မငြိမ်ဖြစ်နေတာပါ။ စိတ်မတည်မငြိမ်ဖြစ်တာက အကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းတွေထဲက တစ်ခုက ခန္ဓာကိုယ်မှာ မန်ဂနိဒြပ်ပေါင်းတွေ စုပုံလာတာဖြစ်ပါတယ်။ ကျွန်တော်တို့ ငိုလိုက်တဲ့အခါမှာ အဲဒီမန်ဂနိတွေက မျက်ရည်တွေနဲ့အတူ ခန္ဓာကိုယ်အပြင်ဘက်ကို စီးဆင်းသွားပါတယ်။ ရလဒ်အနေနဲ့ကတော့ သင့်စိတ်ကို တည်ငြိမ်သွားစေပြီး စိတ်ဂနာမငြိမ်မဖြစ်ဘဲ အာရုံစိုက်နိုင်စေမှာဖြစ်ပါတယ်။

နာကျင်ခြင်း

ရုပ်ပိုင်းဆိုင်ရာနာကျင်တဲ့အခါ မျက်ရည်တွေက အလိုအလောက်ထွက်ကျလာတတ်ပါတယ်။ ဒါက နာကျင်မှုကို လျော့ချနိုင်တဲ့ နည်းလမ်းပါပဲ။ စိတ်ခံစားချက်ပြင်းပြင်းနဲ့ ကျတဲ့မျက်ရည်က အောက်တိုဆင် (Oxytocin) နဲ့ အန်ဒေါ်ဖင်စ် (Endorphins) ဓာတ်တွေကို ထုတ်လွှင့်ပေးပါတယ်။ အဲဒီဓာတ်တွေက လူတစ်ယောက် နေလို့ကောင်းအောင် လုပ်ပေးသလို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုလည်း သက်သာသွားစေနိုင်ပါတယ်။

Ref: Brightside “5 Health Problems That Crying Can Help You to Solve”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top