ကမ္ဘာ့ပထမဆုံးသောသက်ဝင်ပန်းချီရုပ်ရှင် သို့မဟုတ် Loving Vincent

yyl-knowledge-06.png

ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးကိုတော့ လူတိုင်းလိုလိုသိပြီးသားဖြစ်မှာပါ။ ဗင်းဆင့်ကိုချစ်မြတ်နိုးသူတွေဟာလည်း အများအပြားပါ။ စာရေးသူရဲ့အလေးစားရဆုံးပန်းချီဆရာကြီးလည်း ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုတွေ ဆန်းသစ်တဲ့စုတ်ချက်တွေ သူများနဲ့မတူနဲ့အတွေးတွေနဲ့ ဗင်းဆင့်ဟာ သူ့ကိုချစ်မြတ်နိုးသူတွေရဲ့ နှလုံးအိမ်ကနေ ဘယ်တော့မှပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ အခုလည်း ဗင်းဆင့်ပန်းချီကားတွေကို ချစ်မြတ်နိုးသူတွေဟာ Loving Vincentလို့ခေါ်တဲ့ animation လေးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။

ပြသချိန် ၉၅မိနစ်ကြာမြင့်တဲ့ Loving Vincent ဟာ လုံးဝကိုပန်းချီကားချပ်ပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားတဲ့ ပထမဆုံးသောရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်ပြုလုပ်သူတွေဟာ ပန်းချီဆရာ အနုပညာရှင်များစွာဆီက သေချာသင်ယူလေ့လာခဲ့ရပါတယ်။ နိုင်ငံပေါင်း ၂၀ကျော်က ပန်းချီဆရာ ၁၂၅ ယောက်ဟာ အချိန်သိပ်မရတဲ့ကြားကနေ စုတ်ချက်ပေါင်းမြောက်မြားစွာနဲ့ ခက်ခက်ခဲခဲ ကြိုးကြိုးစားစားသရုပ်ဖော်ခဲ့ကြရပါတယ်။ ဒီရုပ်ရှင်လေးကို သရုပ်ဖော်နိုင်ဖို့ frame ပေါင်း ၆၅၀၀၀လောက်ကို ရေးဆွဲခဲ့ရပြီး အဆင့်ဆင့်စိစစ် စစ်ထုတ်ပြီး ၁၀၀၀ ကျော်လောက်ကို အသုံးပြုခဲ့ပါတယ်။ ဒီframe တွေအားလုံးနီးပါးကို ပန်းချီဆရာတွေဟာ ဆီဆေးတွေအသုံးပြုပြီး လက်နဲ့ရေးဆွဲခဲ့ရတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကို အစိမ်းရောင်နောက်ခံရဲ့ အရှေ့မှာ သရုပ်ဖော်ခိုင်းပါတယ်။ အဲဒီနောက် ဗန်ဂိုးရဲ့ပန်းချီကားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ထူးခြားသက်ဝင်တဲ့ပုံပြင်တစ်ပုဒ် နိုးထလာခဲ့ပါတယ်။

ဒီရုပ်ရှင်ကိုရိုက်ကူးတဲ့ ဒါရိုက်တာတွေကတော့ ဒိုရိုတာကိုဘီလာ (Dorota Kobiela) နဲ့ ဟူ့ချ်ဝက်ချ်မန်း (Hugh Welchman)တို့ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်လေးဟာ ဘာလင်မှာကျင်းပတဲ့ အကြိမ်၃၀မြောက်ဥရောပရုပ်ရှင်ပွဲတော်မှာ Best Animated Feature Film ဆုကိုရရှိခဲ့ပြီး ၉၀ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက်လည်း Best Animated Featureဆုအတွက် ဆန်ကာတင်စာရင်ဝင်ထားပါတယ်။ ဒါ့အပြင် ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေအများအပြားသိမ်းပိုက်ထားပြီးလည်း ဖြစ်ပါတယ်။ ပန်းချီကိုချစ်မြတ်နိုးတဲ့ ဗင်းဆင့်ကိုချစ်တဲ့သူတွေအကုန် ကြည့်သင့်တဲ့ကားလေးပါလို့ အကြံပြုပါရစေ။

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top