သင့်ရဲ့ စွမ်းအင်တွေကို အမြန်ဆုံး မြှင့်တင်ပေးနိုင်မယ့် အချက် (၆) ချက်

energy.jpg

တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပြည့်ပြည့်ဝဝ အိပ်ထားပေမယ့် မနက်အိပ်ယာနိုးတဲ့အခါ နွမ်းနယ်နေသလိုမျိုးခံစားရပါသလား။ မနက်တိုင်း လေးလံထိုင်းမှိုင်းနေပြီး ညအိပ်ယာဝင်ချိန်မှာလည်း စိတ်ရောကိုယ်ပါ နုံးချိ ပင်ပန်းနေတယ်လို့ ခံစားနေရပါသလား။ သင့်အဖြေက ဟုတ်တယ်ဆိုရင် သင့်ကို စွမ်းအင်တွေ အမြန်ဆုံးမြှင့်တင်ပေးပြီး အောင်မြင်ပျော်ရွှင်တဲ့ နေ့သစ်တွေဆီ အရောက်ပို့ပေးနိုင်ဖို့ အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

အကြောလျှော့ပါ

မနက်အိပ်ယာထတဲ့အခါ ကုတင်ဘေးမှာ ဒါမှမဟုတ် တံခါးနားမှာ ခြေဖျားထောက်ပြီး ရပ်ပါ။ လက်နှစ်ဖက်ကို ဘေးဆန့်ပါ။ ပြီးရင် သင့်ရင်ဘတ်နဲ့ ကျောမှာ ကောင်းကောင်းကြီးပြေလျော့သွားပြီလို့ ခံစားရတဲ့အထိ ရင်ကိုကော့ပေးပါ။ ပြီးရင် အဲ့ဒီ့အနေအထားအတိုင်း မိနစ်ဝက်လောက် နေပေးပါ။ ဒီလိုလုပ်ပေးခြင်းက သင့်အာရုံကြောတွေအတွက် အထောက်အကူဖြစ်စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေတယ်လို့ ဝါရင့် ယောဂနည်းပြဆရာတစ်ဦးက ဆိုပါတယ်။

နားချိန်တိုလေးတွေ မကြာခဏယူပါ

ဒီလိုလုပ်ပေးခြင်းကလည်း သင့်ကို ပင်ပန်းနွမ်းနယ်မှုတွေကနေ အဝေးဆီ ဆွဲခေါ်သွားနိုင်ပါတယ်။ Louisiana State တက္ကသိုလ်က သုတေသီတွေရဲ့ပြောစကားအရ တစ်နေ့တာအတွင်းမှာ နားချိန်တိုလေးတွေ မကြာခဏယူတဲ့ ဝန်ထမ်းတွေဟာ နားချိန်ကြာကြာကို တခါ ဒါမှမဟုတ် နှစ်ခါလောက်ပဲ ယူတဲ့ ဝန်ထမ်းတွေထက် အလုပ်လုပ်တာပို လျင်မြန်မှုရှိပြီး အမှားအယွင်းလည်း နည်းတယ်လို့ဆိုပါတယ်။ သမ်းဝေခြင်းက သင့်ဦးနှောက်ကို အနားရစေပြီး တဖန်ပြန်လည်နိုးကြားစေဖို့ ကူညီပေးတယ်လို့ Princeton တက္ကသိုလ်က လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

အနံ့သင်းသင်းလေးတွေကို ရှုပါ

ပင်ပန်းနွမ်းနယ်နေပြီလား။ အနံ့သင်းသင်းလေးတွေကို ရှုရှိုက်ပါ။ ဘာလို့လဲဆိုတော့ တချို့အနံ့လေးတွေဟာ သင့်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ပိုမိုအားကောင်းစေလို့ ဖြစ်ပါတယ်တဲ့။ ခပ်မြန်မြန် လန်းဆန်း သွားချင်တယ်ဆိုရင် သံပုရာသီး၊လိမ္မော်သီး၊ အထူးသဖြင့် ဂရိတ်ဖရုသီးကို လှီးပြီး ဒါမှမဟုတ် ညှစ်ပြီး အနံ့လေးကို ခပ်ပြင်းပြင်းရှိုက်ပါ။ သင့်အနေနဲ့ ထူးထူးခြားခြားလေးလုပ်ကြည့်ချင်စိတ်ပေါက်ရင် ပူဒီနာ(ပူစီနံ)ရွက် ဒါမှမဟုတ် ရို့စ်မေရီရွက် လတ်လတ်ဆတ်ဆတ်လေးရဲ့ အနံ့လေးကို ရှူတာမျိုး ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းထဲ အရွက်ကလေးထည့်ခပ်ပြီး သောက်တာမျိုးကို စမ်းကြည့်နိုင်ပါတယ်။ ဒီ ရနံ့လေးတွေက သင့်ကို စိတ်ရောကိုယ်ပါ လန်းဆန်းစေမှာပါ။

ဟိုဟိုဒီဒီ လျှောက်ပါ

အိပ်ငိုက်နေရင် လမ်းလေးဟိုလျှောက်ဒီလျှောက်လုပ်ကြည့်ပါလား။ အကြာကြီးတော့ မဟုတ်ဖူးလေ၊ ခဏတဖြုတ်ပေါ့။ ဒီလိုလေးလျှောက်ပေးမယ်ဆိုရင် အလုပ်ချိန်ထဲကလည်း အများကြီး ထူးထူးခြားခြား ဖဲ့ပေးစတာမလိုဘဲ သင့်ကို အားအင်တွေ ပြန်လည် ပြည့်ဖြိုးလာစေမှာပါ။ အလုပ်ထဲမှာ ဆယ်မိနစ်လောက် ဟိုဟိုဒီဒီ လမ်းလျှောက်တာဟာ ချောကလက်တပြားစားတာထက် ပိုတဲ့ အားအင်ကိုပေးပါတယ်။

တကယ်လို့ ဖြစ်နိုင်ရင် ရေချိုးခန်းထဲ ဝင်ပါ။ ဒီလို လုပ်တာက သင့်ကို အေးမြလန်းဆန်းသွားစေမှာပါ။ ပြီးရင် အိမ်အပြင်ဖက်ထွက် လမ်းလျှောက်ပြီး လတ်ဆတ်တဲ့လေကို အားပါးတရ ရှူရှိုက်ပါ။ (၁၀) မိနစ်လောက် လမ်းလျှောက်တာဟာ သွေးလေလည်ပတ်မှုကို ကောင်းစေပြီး လန်းဆန်းစေတဲ့အတွက် အလုပ်လုပ်ရာမှာလည်း သင့်ကို ပိုပြီးတော့ တက်ကြွအဆင်ပြေစေမှာပါ။

တရားထိုင်ပါ

မနက်တိုင်း မနက်တိုင်းမှာ အနည်းဆုံး (၅) မိနစ်လောက်ပဲ ဖြစ်ဖြစ် ရအောင် တရားထိုင်ပါ။တရားထိုင်တာဟာ စိတ်ဖိစီးမှုတွေကို လျော့ပါးစေသလို ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပပျောက်စေပါတယ်။ဝင်လေထွက်လေကို အမိဖမ်းပြီး တရားထိုင်တဲ့အခါ သင့်စိတ်ဟာလည်း ပိုလို့ ကြည်လင်လန်းဆန်းလာတဲ့အတွက် အလုပ်လုပ်ရာမှာ ပိုအကျိုးရှိလာမှာဖြစ်သလို စိတ်ထောင်းကိုယ်ကြေဖြစ်ရတဲ့ အခြေအနေတွေကနေလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ရေများများ သောက်ပါ

မအံ့ဩသွားပါနဲ့။ လူတွေ ပင်ပန်းနွမ်းနယ်မှုကို ခံစားရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ချက်က ရေဓာတ်ခမ်းခြောက်လို့ပဲ ဖြစ်ပါတယ်။ တကယ်ကြီးလား။ သင်ရေသောက်တာနည်းလေလေ သင့်သွေးထဲမှာ အောက်ဆီဂျင်နည်းလေလေပါပဲ။ တစ်နေ့တာလုံးမှာ ရေ ရှစ်ခွက်လောက်သောက်ပေးပါ ဒါမှမဟုတ် သင့်အားအင်တွေကုန်ခမ်းနေတယ်လို့ ခံစားရတိုင်းမှာ လန်းဆန်းစေမယ့် ဖျော်ရည်လေး တစ်ခွက်လောက်ကို သောက်လိုက်ပါ။ သိသိသာသာ အကျိုးရှိမှာပါ။

ရေးသားသူ – Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top