လက်သန့်ဆေးရည်အမြဲသုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတချို့

8-5-2020-yyl-024.jpg

လက်ရှိမှာဖြစ်ပွားနေတဲ့ ကပ်ရောဂါကြီးကြောင့် လက်သန့်ဆေးရည်ကို အရင်ကထက်ပိုပြီး အသုံးပြုနေကြရပါတယ်။ အပြင်ထွက်တဲ့အခါမျိုးတွေမှာ လက်ကို ဆပ်ပြာနဲ့ ဆေးဖို့မဖြစ်နိုင်တဲ့အတွက် လက်သန့်ဆေးရည်ကို ရွေးချယ်ကြရပါတယ်။ ဒါမှ ကျွန်တော်တို့ကို ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကနေ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ လက်သန့်ဆေးရည်ကို မကြာခဏ အသုံးပြုပေးဖို့လည်း ကျွမ်းကျင်ပညာရှင်တွေက ထောက်ခံပေးထားကြပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်ကို နေ့တိုင်း အသုံးပြုမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပါတယ်နော်။ ဘယ်လိုမျိုးဆိုးကျိုးတွေလည်းဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

အဆက်မပြတ်အသုံးပြုတာက ခန္ဓာကိုယ်ကို အကျိုးပြုနေတဲ့ ဘတ်တီးရီးယားတွေကို အနှောင့်ယှက်ဖြစ်စေတယ်

အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းအထက်ပါဝင်တဲ့ လက်သန့်ဆေးရည်က ဘတ်တီးရီးယားတွေကို သတ်ပေးပြီး အမျိုးမျိုးသောဖျားနာမှုတွေကနေ ကျွန်တော်တို့ကို အန္တရာယ်ကင်းစေပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်ကို အမြဲသုံးမယ်ဆိုရင်တော့ ဆိုးကျိုးရှိပါတယ်။ လက်သန့်ဆေးရည်က ကျွန်တော်တို့ခန္ဓာကိုယ်ကို အကျိုးပြုနေတဲ့ ဘတ်တီးရီးယားတွေကို သတ်နိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ဘတ်တီးရီးယားတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒီအတွက် တစ်ခုတည်းသောဖြေရှင်းနည်းကတော့ လူတွေက လက်သန့်ဆေးရည်ကို သတိထားအသုံးပြုဖို့နဲ့ လက်ဆေးဖို့ ဆပ်ပြာနဲ့ ရေမရှိတဲ့အခါမှသာ အသုံးပြုဖို့ပါပဲ။

အဆက်မပြတ်အသုံးပြုခြင်းက ဘတ်တီးရီးယားတွေကို ပိုသန်မာလာစေနိုင်ပါတယ်

Center for Disease Control and Prevention အရ antibacterial ဂုဏ်သတ္တိပါဝင်တဲ့ လက်သန့်ဆေးရည်က ပဋိဇီဝဆေးကို ခုခံနိုင်တဲ့ ဘတ်တီးရီးယားတွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီလိုကြောက်စရာကောင်းတဲ့ပိုးမွှားတွေကို ဖြစ်ပွားမှုကနေ ကာကွယ်ဖို့အတွက် တက်နိုင်သလောက် လက်သန့်ဆေးရည်မသုံးဘဲ ဆပ်ပြာနဲ့ ရေတို့ဖြင့် လက်ကို သန့်စင်ပေးသင့်ပါတယ်။

လက်သန့်ဆေးရည်က ဖုန်မှုန့်နဲ့ အညစ်ကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားမပစ်နိုင်ပါဘူး

သင့်လက်တွေက ညစ်ပတ်နေရင် လက်သန့်ဆေးရည်က အလုပ်မဖြစ်ပါဘူး။ လက်သန့်ဆေးရည်က ဖုန်မှုန့်ကို မဖယ်ရှားနိုင်တဲ့အပြင် လက်တွေ ပေကျံနေတဲ့အခါ ဗိုင်းရပ်စ်တွေကို သတ်ပေးဖို့ရာ ထိရောက်မှုလည်းနည်းပါတယ်။ လက်က အညစ်ကြေးတွေကို သန့်စင်သွားဖို့ဆိုရင် ဆပ်ပြာ၊ ရေတို့နဲ့ ဆေးပေးမှသာ သန့်ရှင်းသွားမှာဖြစ်ပါတယ်။

လက်တွေကို ခြောက်သွေ့စေပါတယ်

လက်သန့်ဆေးရည်ကို နေ့တိုင်း ခဏခဏ အသုံးပြုနေတယ်ဆိုရင် သင့်လက်တွေ ခြောက်သွေ့လာတာကို သင် သတိထားမိမှာပါ။ လက်သန့်ဆေးရည်မှာ ပါဝင်တဲ့ အယ်လ်ကိုဟောက အသားရေကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒါပေမဲ့ လက်ကို moisturizer လိမ်းပေးပြီး ရေဓာတ်ပြည့်ဝအောင်နေမယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းလို့ရပါတယ်။ ဒါကြောင့် ဆပ်ပြာ၊ ရေတို့မရှိတဲ့အခါမှသာ လက်သန့်ဆေးရည်ကိုအသုံးပြုပေးသင့်ပါတယ်။

အယ်လ်ကိုဟော အဆိပ်သင့်နိုင်ခြေများပါတယ်

လက်သန့်ဆေးရည်ကို မျိုချမိရင် အယ်လ်ကိုဟော အဆိပ်သင့်တာတွေဖြစ်လာနိုင်ခြေရှိပါတယ်။ သင်က လက်သန့်ဆေးရည်ကို နှုတ်ခမ်းမှာ မတော်တဆထိမိသွားရင်တော့ ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ မျိုချမိသွားရင်တော့ ဒုက္ခရောက်နိုင်ပါတယ်။ ကလေးတွေက လက်သန့်ဆေးရည်ကို မျိုချနိုင်ခြေပိုများတယ်လို့The Center for Disease Control က ကောက်ချက်ချထားပါတယ်။ ဒါကြောင့် လက်သန့်ဆေးရည်ကို ကလေးတွေရဲ့အဝေးမှာ သိမ်းထားသင့်ပါတယ်။

သင်က ဓာတုပစ္စည်းတွေနဲ့ အလုပ်လုပ်တယ်ဆိုရင် လက်သန့်ဆေးရည်က အန္တရာယ်ဖြစ်နိုင်ပါတယ်

သင်က တစ်နေ့လုံး ဓာတုပစ္စည်းတွေနဲ့ အလုပ်လုပ်တာဆိုရင် အလုပ်ပြီးသွားရင် လက်တွေကို ပြောင်အောင် ဆေးချင်ကြမှာပါ။ အဆီတွေ ပြောင်တဲ့ဆပ်ပြာတွေနဲ့ ဆေးပြီးမှ လက်သန့်ဆေးရည်ကို နောက်ဆုံးမှ ရွေးချယ်သင့်ပါတယ်။ ဂျယ်လ်အရည်နဲ့ ဓာတုပစ္စည်းပေါင်းစပ်မှုက သင့်ခန္ဓာကိုယ်အတွက် တကယ်အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ပါ။ လက်သန့်ဆေးရည်အသုံးပြုလေ့ရှိတဲ့ လယ်ယာအလုပ်သမားတွေက အသုံးမပြုတဲ့သူတွေနဲ့ယှဉ်ရင် သူတို့ရဲ့ခန္ဓာကိုယ်မှာ ပိုးသတ်ဆေးပမာဏတိုးလာစေတယ်လို့ the Journal of Occupational and Environmental Medicine မှာ ပါဝင်တဲ့လေ့လာချက်ကဆိုပါတယ်။

Ref: This is what happens to your body when you use hand sanitizer every day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top