ဂိုးဒါဇင်ဝက်သွင်းပြီး အက်ဖ်အေဖလားသိမ်းပိုက်ခဲ့တဲ့ မန်စီးတီး

61072816_2334590589917513_5727360424182022144_n.jpg

ဝက်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ယူပြီး အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီးဟာ တစ်ရာသီအတွင်း ပြည်တွင်းဖလား (၃) လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကလပ် ဖြစ်လာခဲ့ပါတယ်။ (ကွန်မြူနတီဒိုင်းပါ ထည့်သွင်းစဉ်းစားရင်း ဆုဖလား (၄) ခုဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်)

ပွဲချိန် (၂၆) မိနစ်မှာ စတာလင်ရဲ့ဖန်တီးမှုကနေ ဒေးဗစ်ဆေးလ်ဗားက မန်စီးတီးအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဒေးဗစ်ဆေးလ်ဗားဟာ ဒီရာသီ ပြိုင်ပွဲစုံ ပွဲစဉ် (၂၇) ပွဲဆက်တိုက် ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် (၃၈) မိနစ်မှာ ဘာနာဒိုဆေးလ်ဗား တင်ပေးလိုက်တဲ့ဘောလုံးကို ဂျီးဆပ် ပြေးဝင်ပိတ်သွင်းရာမှာ ဂိုးထဲဝင်ဖို့သေချာနေပေမဲ့ စတာလင်ကကန်သွင်းပြီး မန်စီးတီးအတွက် ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။

ဒီဘရိုင်းရဲ့တိုးအား၊ ရုန်းအား၊ တိကျတဲ့ ဖြတ်တင်ဘောတွေကြောင့် ဝက်ဖို့ဒ်ခံစစ်ကြောင်း ပြိုဆင်းသွားခဲ့

ဒုတိယပိုင်းမှာ မာရက်ဇ်နေရာကို ဒီဘရိုင်း ဝင်လာပြီးနောက်ပိုင်း မန်စီးတီးတိုက်စစ်ပိုထိရောက်လာခဲ့ပါတယ်။ ပွဲချိန် (၆၁) မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂျီးဆပ် ထိုးပေးတဲ့ဘောလုံးကို ဒီဘရိုင်းက ဂိုးသမားကိုပါ ခြေယောင်ပြလိမ်ခေါက်ပြီး တတိယဂိုး သွင်းယူခဲ့ပါတယ်။ ဒီဘရိုင်းရဲ့တိုးအား၊ ရုန်းအား၊ တိကျတဲ့ ဖြတ်တင်ဘောတွေကြောင့် ဝက်ဖို့ဒ်ခံစစ်ကြောင်း ပြိုဆင်းသွားခဲ့တာ တွေ့ရပါတယ်။

ပွဲချိန် (၆၈) မိနစ်မှာ ဒီဘရိုင်း ဖန်တီးပေးတဲ့ဘောလုံးကနေ ဂျီးဆပ်က စတုတ္ထဂိုး သွင်းယူခဲ့

ပွဲချိန် (၆၈) မိနစ်မှာ ဒီဘရိုင်း ဖန်တီးပေးတဲ့ဘောလုံးကနေ ဂျီးဆပ်က စတုတ္ထဂိုး သွင်းယူခဲ့ပြီး ပွဲချိန် (၈၁) မိနစ်နဲ့ (၈၇) မိနစ်တွေမှာ စတာလင်က သူ့အတွက် ဟက်ထရစ်ရစေမယ့်ဂိုးတွေ သွင်းယူခဲ့ပါတယ်။ စတာလင်ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့ စတုတ္ထမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါဟာ မန်စီးတီးအတွက် ဒီရာသီပြိုင်ပွဲစုံမှာ ပွဲ (၅၀) မြောက် နိုင်ပွဲဖြစ်ပါတယ်။ အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲသမိုင်းမှာ အဲဒီလို စွမ်းဆောင်နိုင်ခဲ့တာ မန်စီးတီးတစ်သင်းပဲ ရှိပါသေးတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီးဟာ အက်ဖ်အေဖလားပါဆွတ်ခူးနိုင်ခဲ့တဲ့အတွက် တစ်ရာသီထဲမှာ ပြည်တွင်းဖလား (၃) လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကလပ် ဖြစ်လာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top