ဘာသာစကား အသစ်တစ်ခုကို အချိန်တိုအတွင်း ဘယ်လိုလေ့လာမလဲ

select-language-learning-translate-languages-or-PSLPWDD.jpg

မိခင်ဘာသာစကားအပြင် နောက်ထပ် ဘာသာစကား တစ်ခုကိုပါ ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်တယ်ဆိုတာ တကယ့်ကို အဖိုးတန်တဲ့ အရည်အချင်း တစ်ခုပါ။ ဒီအရာဟာ သင့်ရဲ့ သက်မွေးမှုလုပ်ငန်းတွေအတွက် အခွင့်အရေးကောင်းတွေ ရရှိလာစေမယ့်အပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တိုးမြင့်စေပါတယ်။

ကံကောင်းစွာနဲ့ပဲ သင့်အနေနဲ့ ဘာသာစကား အသစ်တစ်ခုကို သင့်ရဲ့လုပ်ငန်းပိုင်းတွေမထိခိုက်ပဲ လေ့လာနိုင်ပါတယ်။ သင့်ရဲ့ အားလပ်ချိန်တွေထဲ ရိုးရှင်းတဲ့ နည်းဗျူဟာတချို့ကို ပေါင်းထည့်လိုက်ရုံနဲ့ အချိန်ပိုမကုန်ပဲ ဘာသာစကားနှစ်မျိုးပြောတတ်တဲ့သူ ဖြစ်လာနိုင်ပါတယ်။ သင့်မှာ တစ်နေ့အားလပ်ချိန် မိနစ် (၂၀) ဒါမှမဟုတ် (၅) မိနစ်လောက်တော့ ရှိမယ်ထင်ပါတယ်။ အဲဒီလို ရှိမယ်ဆိုရင်တော့ သင်မျှော်မှန်းထားတဲ့ ဘာသာစကား တတ်မြောက်ရေး ပန်းတိုင်ကို ရောက်ဖို့ သေချာသွားပါပြီ။

၁။ လေ့လာနေတဲ့ဘာသာစကားနဲ့ ဆက်စပ်တဲ့ ရုပ်ရှင်တွေကိုကြည့်ပါ

သင်နှစ်သက်တဲ့ TV အစီအစဉ်ကို ကြည့်လိုက်ရတာဟာ သင့်ရဲ့ တစ်နေ့တာကို စိတ်ပျက် ငြီးငွေ့မှုမရှိပဲ ကုန်ဆုံးစေနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ TV အစီအစဉ်နဲ့ ရုပ်ရှင် ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ဘာသာစကား လေ့လာခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ကလေးတစ်ယောက် ဘာသာစကား အသစ်တစ်ခုကို သင်ယူနေသလိုမျိုး ရုပ်ရှင်တွေထဲ စီးမျောလေ့လာနိုင်ပါတယ်။ ရေဒီယို ဒါမှမဟုတ် အင်တာနက် စာမျက်နှာတွေပေါ်ကနေ တစ်ဆင့် အများ နားထောင်နိုင်ဖို့ ထုတ်လွှင့်ပေးတဲ့ အသံဖိုင်တွေကို နားထောင်ခြင်းဖြင့်လည်း လေ့လာနိုင်ပါတယ်။

၂။ facebook group တွေထဲ ဝင်ထားပါ

သင်နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ facebook ဟာ ကမ္ဘာတစ်ဝှမ်းလုံးက လူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အသုံးဝင်ကောင်းမွန်တဲ့ ဆိုရှယ်မီဒီယာ တစ်ခုအဖြစ် ရပ်တည်နေဆဲပါ။ နောက်ဆုံးပေါ် သတင်း အချက်အလက်တွေနဲ့ သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဈေးကွက်တင် ရောင်းချတာကစလို့ ဘာသာစကား အသစ်တွေကို လေ့လာတာမျိုးအပြင် အခြားသော နယ်ပယ်အသီးအသီးက မိမိ စိတ်ဝင်စားတဲ့အရာတွေကို facebook မှာ လေ့လာနိုင်ပါတယ်။

ဒီနည်းလမ်းဟာ တစ်နေ့ကို မိနစ်အနည်းငယ်လောက် ပေးလိုက်ရုံနဲ့ အိမ်မှာနေရင်း ကမ္ဘာနဲ့ယှဉ်တဲ့ အတွေ့အကြုံတွေကို ရရှိဦးမှာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်စာ လေ့လာနေသူတွေအတွက် “Daily English Practise Group” လိုမျိုး မိမိလေ့လာနေတဲ့ ဘာသာစကား facebook group တွေထဲ ဝင်ထားခြင်းဖြင့် အလွယ်တကူ သင်ယူနိုင်ပါတယ်။

၃။ ဂိမ်း (game) ကစားပါ

စဉ်ဆက်မပြတ် သင်ယူခြင်းဟာ ပျော်စရာကောင်းပါတယ်။ နောက်ဆုံးပေါ်ဂိမ်းတွေအပြင် မိမိလေ့လာနေတဲ့ ဘာသာစကားနဲ့ ဆက်စပ်ပြီး စာလုံးပေါင်း သတ်ပုံ ရွေးခိုင်းတတ်တဲ့ ဂိမ်းမျိုးလေးတွေကအစ အဆင်ပြေပါတယ်။ ဘာသာစကား လေ့လာဖို့အတွက် သီးသန့် ဒီဇိုင်းလုပ်ထားတဲ့ ဂိမ်းတွေကို လေ့လာခြင်းနဲ့လည်း သင့်ရဲ့ ဘာသာစကား တတ်မြောက်ရေး ပန်းတိုင်ကို ရောက်ရှိနိုင်စေပါတယ်။

၄။ အသံထွက်ဖတ်ပါ

ဘာသာစကား အသစ်တစ်ခုကို အသံထွက် ဖတ်တယ်ဆိုတာ စလေ့လာနေတဲ့သူတွေအတွက် စောသေးတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါကေမဲ့ ကိုယ်လေ့လာနေတဲ့ ဘာသာစကားကို အသံထွက် ဖတ်ပေးခြင်းဟာ စာကြောင်းထဲမှာ ပါရှိတဲ့ ရှေ့နောက် စကား အဆက်အစပ်တွေ အပြင် ဝေါဟာရတွေနဲ့ သဒ္ဒါ၊ စာအထားအသိုကိုပါ နားလည်လာစေပါတယ်။

နောက်ဆုံးအနေနဲ့ ဘာသာစကားတစ်ခုကိုလေ့လာတဲ့နေရာမှာ ဖြည်းဖြည့်ချင်း စတင်ပါ။ ကလေးဖတ် စာအုပ်တွေထဲကနေပြီးတော့လည်း လေ့လာနိုင်ပါတယ်။ တစ်နေ့ နည်းနည်းချင်းစီ လေ့လာတာက သင့်ရဲ့ ဦးနှောက်စွမ်းရည်ကို မြင့်တက်လာစေပြီး စကားစမြည် ပြောဆိုကြတဲ့အခါမှာလည်း ယုံကြည်ချက်တွေ တိုးတက်လာစေနိုင်မှာ ဖြစ်ပါတယ်။

Ref : Pinterest “Genis ways to learn a new language in your spare time”Po

Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top