Giorgio “The Doctor” Petrosyan သည် အကြီးကျယ်ဆုံးကိုယ်ခံပညာ အားကစားသမားတစ်ဦးဖြစ်သော်လည်း ထိုအချိန်မတိုင်မီ အီတလီလမ်းများပေါ်တွင် အိုးမဲ့အိမ်မဲ့ဒုက္ခသည်တစ်ဦးအဖြစ် ဘဝရှင်သန်ရေးအတွက်အပြင်းအထန် ရုန်းကန်ခဲ့ရသည်။
အာမေနီးယန်းနိုင်ငံတွင် မွေးဖွားခဲ့သော Kick Boxing ကစားသမား Giorgio သည် လာမည့်သောကြာနေ့ မေလ (၁၇) ရက်နေ့တွင် ကျင်းပမည့် ONE: ENTER THE DRAGON ပြိုင်ပွဲကြီး၌ ONE Championship ဖဲသာဝိတ် Kick Boxing ကမ္ဘာ့ဂရင်းပရီပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် Petchmorakot Petchyindee Academy နှင့်ယှဉ်ပြိုင်ရန် ကိုယ်ခံပညာ အားကစားလောကသို့ တစ်ကျော့ပြန်ဝင်ရောက်မည်ဖြစ်သည်။
အသက် (၃၃) နှစ်အရွယ် Giorgio သည် စင်္ကာပူအားကစားရုံအတွင်း ထောင်ပေါင်းများစွာသော ပရိသတ်များရှေ့မှောက်တွင် ပြိုင်ပွဲဝင်မည်ဖြစ်ရာ ၎င်းဆယ်ကျော်သက်အရွယ်ဘဝ၌ မိသားစုနှင့်အတူ ရင်ဆိုင်ဖြတ်သန်းခဲ့ရသော ခက်ခဲသည့်အခြေအနေနှင့် စိတ်ကူးဖြင့် နှိုင်းယှဉ်ကြည့်လျှင် များစွာခြားနားနေမည်ဖြစ်သည်။
ဥရောပ၌ ပိုမိုကောင်းမွန်သည့်ဘဝတည်ဆောက်နိုင်ရန်အသက် (၁၃) နှစ်အရွယ်တွင် ညီအစ်ကို၊ ဖခင်တို့နှင့်အတူ စစ်ပွဲကြောင့်ချွတ်ခြုံကျနေသည့် ၎င်း၏ ဇာတိမြေအားစွန့်ခွာခဲ့သည်။ ထိုကဲ့သို့တည်ဆောက်နိုင်ရန်အတွက် မရေမတွက်နိုင်သောခက်ခဲမှုများအား ဖြတ်သန်းခဲ့ရသည်။
“ကျွန်တော်တို့အတွက် ကျွန်တော့်အဖေက အဲဒီလိုဆုံးဖြတ်ခဲ့တာပါ။ အဲဒီအချိန်က အာမေနီးယားမှာ နေထိုင်ရတာခက်ခဲလွန်းတာကြောင့် သားသမီးတွေအတွက် ပိုကောင်းမွန်တဲ့နေရာကို ရွှေ့ပြောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့” ဟု ၎င်းက ရှင်းပြပါသည်။
“ကျွန်တော်နဲ့ အစ်ကိုကြီး Stepan လက်ကိုဆွဲပြီး သူက အာမေနီးကနေထွက်ပြေးခဲ့တယ်။ ကျွန်တော်တို့ ကုန်တင်ကားကြီးစီးပြီး ခရီးရှည်ထွက်ခဲ့ကြတယ်။ တရားမဝင်ဒုက္ခသည်တွေလိုပေါ့။ ဒါက သိပ်ကိုဝေးကွာပြီး ကြမ်းတမ်းတဲ့ခရီးရှည်ကြီးပဲ”
Giorgio ၏အမေ၊ ညီငယ်နှင့် ညီမတို့လိုက်လာပြီး အခြေချနေထိုင်နိုင်မည့် နေရာတစ်ခုကို ၎င်းတို့ရှာဖွေခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့၏ခရီးစဉ်မှာ ကမ်းမမြင် လမ်းမမြင် လောကအလယ် ယောင်လည်လည်ဖြစ်ခဲ့ရသည်။ မီလန်မြို့သို့ရောက်ရှိချိန်တွင် အကူအညီရရှိနိုင်မည်ဟု ၎င်းတို့မျှော်လင့်ခဲ့ကြသည်။ သို့သော် ဒေသခံအာဏာပိုင်များက မည်သည့်အကူအညီမျှ မကမ်းလှမ်းခဲ့၍ လမ်းပေါ်တွင် တဲထိုး၍ နေထိုင်ခဲ့ကြရသည်။
“ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူး။ စားဖို့မရှိသလို ခိုစရာအရိပ်လည်းမရှိခဲ့ဘူး” ဟု Giorgio က ပြန်လည်ပြောပြခဲ့သည်။
“ကျွန်တော်မှတ်မိတယ်။ ရာသီဥတုက အရမ်းဆိုးတယ်။ အားသီးရောင်ရောဂါနဲ့ ကျွန်တော်က ဖျားနေတယ်။ တော်တော်ကိုဖျားနာနေခဲ့တာ။ အဖေဆို ကျွန်တော့်အတွက် အရမ်းစိတ်ပူနေခဲ့တာပေါ့။ အကူအညီရမလားလို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဆီသွားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကိုအရေးမလုပ်ကြပါဘူး။ ပိုပြီးနွေးတဲ့နေရာကို ကျွန်တော်တို့ လိုက်ရှာရင်း မီလန်ဗဟိုရထားဘူတာရုံမှာ အိပ်ခဲ့ကြရတယ်။ အရမ်းကို အေးစက်နေခဲ့တယ်။ အပြင်မှာ အိပ်စရာနေရာလုံးဝမရှိဘူး”
Giorgio ၏ အခြေအနေမှာ အလွန်အမင်းဆိုးရွားနေခဲ့သည်။ ဖျားနာနေပြီး ငတ်ပြတ်မှု၊ အေးစက်မှုများကို ခံစားနေရသည်။ ထို့အပြင် ရထားဘူတာရုံကြမ်းပြင်တွင် အိပ်စက်ရခြင်းကြောင့်လည်း အနည်းငယ်သာ အနားယူခွင့်ရခဲ့သည်။
“ကျွန်တော်အပြင်းထန်ဆုံးရင်ဆိုင်ရတာက ငတ်ပြတ်မှုပါပဲ။ အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနေပြီး ပိုက်ဆံလည်း လုံးဝမရှိဘူး” ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။
“ကျွန်တော်တစ်ခုခုဖြစ်မှာကို တကယ့်ကိုကြောက်လန့်နေခဲ့တယ်။ ကိုယ်အပူချိန် (၄၀) ဒီဂရီ စင်တီဂရိတ်ဖြစ်နေပြီး တစ်ကိုယ်လုံးထူပူနေတာ.. ဘာမှကိုခံစားလို့မရဘူး။ ထိလို့လည်းမသိနိုင်ဘူး။ ကျွန်တော် ငတ်ပြတ်နေပြီး ဆာလောင်နေခဲ့တယ်။ ဘယ်လောက်အခြေအနေဆိုးသွားခဲ့သလဲဆိုရင် ငတ်ပြတ်ပြီး အားအင်ချိနဲ့နေတဲ့အဖြစ်ကိုတောင် ခံစားလို့ မသိလောက်အောင်ဖြစ်လာခဲ့တယ်”
၎င်းတို့မိသားစုအတွက် ကံကောင်းထောက်မသည့်အချက်မှာ ရုရှားနိုင်ငံအားဖြတ်သန်းလာချိန်တွင် ၎င်းတို့နှင့်ဘာသာစကားတူသူများနှင့် အတူဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ဘာသာစကားတူပြောသူက ၎င်းတို့အား ပထမဆုံးမျှော်လင့်ချက်ရောင်ခြည်ကို ပေးခဲ့သည်။ အီတလီနိုင်ငံ၊ တူရင်မြို့တွင် အဆိုပါလူထံမှ အကူအညီထပ်မံယူရန် ၎င်းတို့ ငြင်းဆိုခဲ့ကြသော်လည်း မြို့ငယ်လေးဖြစ်သည့် Gorizia တွင်ပိုမိုကံကောင်းနိုင်သည်ဟု ၎င်းက အကြံပေးခဲ့သည်။
Giorgio၏ ဖခင်သည် မြို့ပြ၏ရာဇဝတ်မှုများမှ ထွက်ပြေးလွတ်မြောက်မည့်စိတ်ကူးကို သဘောကျခဲ့ပြီး ၎င်းတို့၏ကံဆိုးမိုးမှောင်ကျမှုမှာ ပိုသေးငယ်သည့်မြို့ငယ်လေးတွင် စာနာမှုပိုရနိုင်သည်ဟု ယူဆခြင်းကြောင့် အရှေ့ဘက်သို့ ဦးတည်ခဲ့ကြသည်။
အဆိုပါမြို့သို့ရောက်ရှိချိန်တွင် Giorgio အား အစားအစာနှင့်နေထိုင်စရာကမ်းလှမ်းသည့် ပရဟိတအဖွဲ့ဖြစ်သော Caritas ၏ အကူအညီကို ရရှိခဲ့ကြသည်။ ၎င်းတို့၏ သားအဖ ဦးခေါင်းထက်တွင် လုံခြုံသောအမိုးတစ်ခုရရှိပြီး ဝမ်းဗိုက်ပြည့်ပြီဆိုသည်နှင့် ခွန်အားများပြန်ရရှိခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် ဘဝသစ်အားစတင်ရန် ခိုင်မာသောအခြေအနေတစ်ခုရရှိခဲ့ကြသည်။
“ကျွန်တော်တို့ ဘာသာစကားကို လေ့လာခဲ့ကြတယ်။ အလုပ်စရှာဖွေကြတယ်။ ဘဝက ပိုပြီးကောင်းမွန်လာခဲ့တယ်“ ဟု Giorgio က ပြောပြခဲ့သည်။
“တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နေရာလေးရရှိခဲ့တယ်။ တစ်နှစ်ခွဲလောက်ကြာတော့ အမေ၊ ညီမနဲ့ ညီလေး Armen တို့ ကျွန်တော်တို့ဆီ လိုက်လာခဲ့ကြတယ်။ တခြား ဒုက္ခသည်တွေလည်း ကုန်တင်ကားစီးပြီး အာမေးနီးယားကနေ ထွက်ပြေးခဲ့ကြတာပေါ့”
အီတလီနိုင်ငံတွင် ၎င်းတို့အခြေချနေထိုင်ပြီး မကြာခင်မှာပင် Giorgio က Kick Boxing အား စတင်လေ့ကျင့်ခဲ့သည်။ ကြမ်းတမ်းခက်ခဲလှသည့် ၎င်း၏ဖြတ်သန်းမှုများအား ခွန်အားအဖြစ်အသုံးချကာ ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာအောင် လေ့ကျင့်ခဲ့သည်။ ဘဝအစောပိုင်းက မီလန်မြို့တွင် ရင်ဆိုင်ခဲ့ရသော ခက်ခဲမှုများကြောင့် ၎င်း၏စိတ်ဓာတ်မှာ မာကျောကြံ့ခိုင်ခဲ့သည်။ စိတ်ပိုင်းဆိုင်ရာမာကျောမှုအပြင် လိုအပ်သည့်အချက်ပေါ်တွင် အာရုံစူးစိုက်တတ်မှု၏ တန်ဖိုးကိုပါ နားလည်သဘောပေါက်စေခဲ့သည်။ ထိုအချက်ကြောင့်ပင် ၎င်းသည် K-1 ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်တိုင်ဆွတ်ခူးနိုင်သည့်အထိ အောင်မြင်လာခဲ့သည်။
လက်ရှိအချိန်တွင် Giorgio သည် ကမ္ဘာပေါ်တွင် ၎င်းဝိတ်တန်း၏ အကောင်းဆုံးသော Kick Boxing ကစားသမားဖြစ်ကြောင်း သံယယများကိုကျော်လွန်၍သက်သေထူရန် စိတ်ဆုံးဖြတ်ထားသည်။ အဆိုပါဆုံးဖြတ်ချက်၏ပထမဆုံးခြေလှမ်းအား စင်္ကာပူနိုင်ငံတွင် Petchmorakot နှင့် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြင့် စတင်မည်ဖြစ်သည်။
“အဲဒီလိုဆိုးရွားတဲ့ဘဝအတွေ့အကြုံ အထူးသဖြင့် ငတ်မွတ်ခေါင်းပါးမှုက ဒီနေ့ ကျွန်တော်ရပ်တည်နေတဲ့နေရာကိုရောက်တဲ့အထိ ပြောင်းလဲစေခဲ့ပြီး ကျွန်တော့်ကို ပိုပြီးရင့်ကျက်တဲ့လူတစ်ဦး ဖြစ်လာစေခဲ့တယ်” ဟု Giorgio က ပြောပြသည်။
“အရေးအကြီးဆုံးအချက်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုပါပဲ။ လူအများစုမပိုင်ဆိုင်တဲ့ အရည်အသွေးပေါ့။ ဖြစ်နိုင်ချေရှိသမျှအားလုံးကို ကျွန်တော်အနိုင်ရခဲ့တာကြောင့် ကျွန်တော် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်က အသက် (၁၆) နှစ်မှာ ကိုယ်ခံပညာအားကစား စတင်လေ့ကျင့်ခဲ့တဲ့ ကောင်လေးပါပဲ။ ရှေ့ဘက်ကိုမျှော်ကြည့်နေဖို့ အရေးကြီးတယ်။ ဒါပေမဲ့ ကျွန်တော်ဘယ်ကလာသလဲဆိုတာ နောက်ကိုပြန်မျှော်ကြည့်လိုက်ရင် ကျွန်တော်ဘာတွေကို ဆွတ်ခူးနိုင်ခဲ့ပြီဆိုတာကို အသိအမှတ်ပြုလက်ခံနိုင်မယ် မဟုတ်လား” ဟု သူက ဆက်ပြောပြခဲ့သည်။
Ref: ONE Championship
Team (ရိုးရာလေး)