Ken Hasegawa ကို ကမ္ဘာ့ထိပ်တန်းကစားသမားများထဲတွင် ယှဉ်ပြိုင်ရအခက်ခဲဆုံးပြိုင်ဘက်ဖြစ်စေသော အချက် (၅) ချက်

Ken-Hasegawa-IMGL2762.jpg

မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် ရင်ဆိုင်တွေ့ရသည့်အခါ Ken Hasegawa အနေဖြင့် ၎င်း၏ အမိမြေတွင် ယှဉ်ပြိုင်ရသော်လည်း အလွယ်တကူအနိုင်ရနိုင်စရာမရှိပါ။ သို့သော်လည်း ONE Championship ပွဲဦးထွက်တွင် ဂျပန်ကိုယ်ခံပညာကစားသမား၏ စွမ်းဆောင်ရည်ကိုလည်း ဘယ်သူမှ မေ့နိုင်လိမ့်မည်မဟုတ်ပေ။

ဂျပန်နိုင်ငံ့ဂုဏ်ဆောင် ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်သော Hasegawa အတွက် ONE Championship မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်သူ အောင်လအန်ဆန်နှင့် ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရစဉ်က ကြုံတွေ့ခဲ့ရသော ရှုံးနိမ့်မှုက ၎င်းကိုတွန်းအားပေးလျက်ရှိသည်။ အဆိုပါပွဲစဉ်သည် ချီးကျူးထောပနာပြုခြင်းခံခဲ့ရသလို ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးတွဲဆိုင်းဆုကို ရရှိခဲ့သည်။

ယခုအခါ Hasegawa အနေဖြင့် ၎င်း၏ရှုံးကြွေးကို ပြန်လည်ပေးဆပ်ခွင့်ရရှိလာပြီဖြစ်ကာ မတ်လ ၃၁ ရက်တွင် တိုကျိုမြို့၌ ပြုလုပ်မည့် ONE: A NEW ERA ပွဲစဉ်တွင် ပြိုင်ဘက်ဟောင်းကြီး အောင်လအန်ဆန်နှင့် မကျေပွဲထိုးသတ်သွားတော့မည်ဖြစ်သည်။

အောင်လအန်ဆန်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံနယ်ပယ်တွင် အခက်ခဲဆုံးကိုယ်ခံပညာကစားသမားတစ်ယောက်နှင့် ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ မယုံကြည်နိုင်စရာကောင်းလှသည့် စစ်သူကြီးတစ်ဦး၏ စိတ်ဓာတ်မျိုး Hasegawa တွင် တည်ရှိနေသည့် အကြောင်းရင်း(၅)ချက်ကို ဖော်ပြပေးလိုက်ပါသည်။

(၁) ခန္ဓာကိုယ်အရွယ်အစားက အဓိကမကျ
Hasegawa သည် ၎င်းထက် အားသာချက်များရှိသော ခန္ဓာကိုယ်အရွယ်အစား ပိုမိုကြီးမား၍ ကြံ့ခိုင်သော ပြိုင်ဘက်များနှင့်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့လာရလျှင်ည်း နောက်တွန့်သွားတတ်သောသူ မဟုတ်ပါ။ အသက်(၃၁) နှစ်အရွယ် ဂျပန်ကိုယ်ခံပညာကစားသမားသည် လွန်ခဲ့သည့် နှစ်များအတွင်း ပြိုင်ဘက်က မည်သူပင်ဖြစ်စေ ဝိတ်တန်းအမျိုးမျိုးတွင် တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ ထိုးသတ်ထားသူဖြစ်သည်။

ဝယ်သာဝိတ်တန်းမှသည် ဟဲဗီးဝိတ်တန်းအထိ အတန်းတက်ကာထိုးသတ်ခဲ့သည်ကိုကြည့်လျှင် မည်သူ့ကိုမှမမှုသည့် ၎င်း၏ဗီဇကို မြင်နိုင်သည်။ ထို့ကြောင့်လည်း Hasegawa သည် အလွတ်တန်းချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ လူကောင်ကြီးသောပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရခြင်းသည် Hasegawa အတွက် စိန်ခေါ်မှုတော့မဟုတ်ပါ။ အောင်လအန်ဆန်နှင့်ရင်ဆိုင်သည့်အခါ မြန်မာကိုယ်ခံပညာကစားသမား အောင်လ၏ ခန္ဓာကိုယ်အလေးချိန်က Hasegawa အတွက် တုန်လှုပ်ခြောက်ခြားစရာဖြစ်လာလိမ့်မည်မဟုတ်ပေ။

(၂) ဒဏ်ရာများကို အနိုင်ယူကျော်ဖြတ်နိုင်ခြင်း
Hasegawa သည် မည်သည့်ပြိုင်ဘက်ကိုမှ ကြောက်ရွံ့တတ်သူမဟုတ်သော်လည်း ဒဏ်ရာများကြောင့် ၎င်း၏ ကစားသမားဘဝအဆုံးသတ်သွားရလုနီးပါးဖြစ်ဖူးသည့် အခြေအနေကို ကြောက်ရွံ့ခဲ့ရဖူးသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က ထိုးသတ်ခဲ့သည့်ပွဲတစ်ပွဲတွင် ၎င်း၏ ကျောရိုးကို ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ရာ
လက်များပင် လှုပ်ရှားမှုခက်ခဲသွားသည်အထိ ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က Hasegawa တစ်ယောက် ၎င်းအင်မတန်ချစ်မြတ်နိုးရသည့် ကိုယ်ခံပညာကစားသမားတစ်ယောက်ဘဝအား စွန့်လွှတ်ရတော့မည့်အဖြစ်ကို မခံစားနိုင်ခဲ့ပေ။

သို့သော်လည်း လွယ်လွယ်အရှုံးမပေးတတ်သည့် ဂျပန်လူမျိုးများ၏ ဓလေ့စရိုက်အတိုင်း ၎င်းချစ်သည့် ကိုယ်ခံပညာကစားသမားတစ်ယောက်ဘဝသို့ ပြန်လာနိုင်ရန် ကြိုးစားလေ့ကျင့်ခဲ့ရသည်။ ရလဒ် အနေဖြင့် ဒဏ်ရာများ ပြန်လည်သက်သာလာခဲ့ကာ ဒဏ်ရမရခင်ကထက်ပင် ပိုမိုကောင်းမွန်သောအနေအထားကို Hasegawa ပိုင်ဆိုင်နိုင်ခဲ့သည်။ ပြင်းပြသည့် ဆန္ဒ၊ သတ္တိနှင့် ပြင်းပြင်းထန်ထန် ကြိုစားလေ့ကျင့်မှုများကြောင့် ကြိုးဝိုင်းအတွင်း ပြန်လည် ရပ်တည် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

(၃) ဘယ်တော့မှ နောက်မဆုတ်တတ်ခြင်း
Hasegawa ၏ ထူးခြားသည့်စရိုက်လက္ခဏာကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုပါက ပြိုင်ဘက်အပေါ် တသမတ်တည်းစိတ်ထားဖြင့် ရှေ့သို့ သည်းကြီးမည်းကြီး တိုက်ခိုက်ယှဉ်ပြိုင်သောစွမ်းရည်ကိုသာ ညွှန်းဆိုရပေမည်။ ၎င်းသည် ရှေ့တွင် မည်သည့် အတားအဆီးပင်ရှိပါစေ ဆက်လျှောက်မည့်သူဖြစ်သည်။ ထိုအချက်ကို အောင်လအန်ဆန်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်သည့်ပွဲတွင်လည်း ပြသခဲ့ပြီးဖြစ်သည်။

ပြိုင်ဘက်၏ထိုးနှက်တိုက်ခိုက်မှုများကို ကြုံတွေ့လာရသောအခါ အရှုံးပေးလိုက်တော့မည်လော ဆက်လက်တိုက်ခိုက်ကာ အံအားသင့်ဖွယ်ရလဒ်များ ရယူမည်လော ဟူသောအခိုက်အတန့်များသည် ကမ္ဘာပေါ်ရှိ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတိုင်း ကြုံတွေ့ရဖူးသည်။ ထိုအချိန်မျိုးတွင် Hasegawa သည် လဲပြိုကျသွားမည့်အစား ၎င်း၏ အမှတ်သင်္ကေတဖြစ်သည့်တိုက်စစ်ဖြင့် ရှေ့သို့ချီတက်ခြင်းဖြင့် ONE Championship ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်ကို ပြန်လည်ရင်ဆိုင်သွားခဲ့သည်။

“နာကျင်မှုခံစားရတိုင်း ကျွန်တော်ပိုပြီးသန်စွမ်းလာတယ်။ မောပန်းနွမ်းနယ်ပြီးတဲ့နောက် အားမာန်အပြည့်နဲ့ တက်တက်ကြွကြွ ရှေ့ကိုဆက်သွားနိုင်တယ် ” ဟု ဂျပန်သူရဲကောင်း Hasegawa က ဖွင့်ဟလိုက်ပြီး နောက်ဆုံးအချိန်အထိ အောင်လအန်ဆန်ကို တိုက်ခိုက်သွားမည်ဟုလည်း ဆိုခဲ့သေးသည်။

(၄) ရုပ်ပိုင်းဆိုင်ရာပြဿနာကို စိတ်ခွန်အားဖြင့်အောင်နိုင်ခြင်း
ကာယပိုင်းအရကြံ့ခိုင်မှုရှိသော Hasegawa သည် ၎င်း၏ ခံနိုင်ရည် မြင့်မားမှုကိုလည်း ဂုဏ်ယူနေသည်။ စိတ်ရောကိုယ်ပါ သန်မာကြံ့ခိုင်မှုသည် ၎င်း၏ အကောင်းဆုံးသော လက်နက်များ လည်းဖြစ်သည်။ Hasegawa အတွက် ကစားသမားဘဝ အဆုံးသတ်လုနီးပါးဖြစ်စေခဲ့သည့် ဒဏ်ရာရရှိစေခဲ့ခြင်းမှာ အောင်လအန်ဆန်ကဲ့သို့ ချန်ပီယံတစ်ယောက်နှင့် ဂျပန်တွင် ထိုးသတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ယင်းဒဏ်ရာသည် Hasegawa ၏ ကစားသမားဘဝကို မချိုးဖျက်နိုင်ရုံသာမက အောင်မြင်မှုများရယူကာ ချန်ပီယံတစ်ယောက်ပင် ဖြစ်လာစေနိုင်သည်။

Hasegawa ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုအတွက် အဓိကကျသောအရာသည် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပင်ဖြစ်သည်။ ၎င်းသည် ကြိုးဝိုင်းအတွင်းရော အပြင်မှာပါ ကြုံတွေ့လာသော ပြဿနာများကို ရင်ဆိုင်နိုင်ရန် စိတ်ပိုင်းဆိုင်ရာအရ အကောင်းဆုံး ပြင်ဆင်ထားလေ့ရှိသည်။ ထိုစိတ်ဓာတ်က ONE မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံသည့်ပွဲတွင် ၎င်းအတွက် လက်နက်ကြီးတစ်ခုသဖွယ်ဖြစ်ခဲ့သည်ဟု Hasegawa က ခံစားမိသည်။

“ကျွန်တော်ပုံစံက သူနဲ့ပထမဆုံးတွေ့တဲ့ ပွဲတုန်းကပုံစံနဲ့ လုံးဝမတူတော့ပါဘူး။ ကျွန်တော့ရဲ့စိတ်ဓာတ်က အရမ်းကို သန်မာနေပါပြီ ” ဟု Hasegawa က ကြုံးဝါးခဲ့သေးသည်။

(၅) သားရဲတွင်းထဲ သက်ဆင်းခြင်း
Hasegawa သည် ၎င်းထက် ခန္ဓာကိုယ်အရွယ်အစား ပိုမိုကြီးမားသည့်ပြိုင်ဘက်နှင့် ရင်ဆိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည်။ ကြောက်ရွံ့မှုမရှိသည်ကို ပြသသည့်အနေဖြင့် စိန်ခေါ်မှုကို လက်ခံလိုက်ခြင်းဖြစ်သော်လည်း အခြားတစ်ဘက်မှကြည့်လျှင် ၎င်းအနေဖြင့် အသာစီးရနိုင်စရာလည်းမရှိပါ။

လွန်ခဲ့သည့်နှစ်က အောင်လအန်ဆန်နှင့် ရင်ဆိုင်ခွင့်ရမည့်အခွင့်အရေးအတွက် ကမ်းလှမ်းလာခြင်းခံရချိန်တွင် Hasegawa က လက်ခံခဲ့သည်။ ရန်ကုန်ပရိသတ်များ၏ ရှေ့မှောက်တွင် မြန်မာ့သူရဲကောင်းနှင့် ရင်ဆိုင်ထိုးသတ်ရသော ထိုပွဲက ၎င်းအတွက် မျက်တောင်ပင်ခတ်ခွင့်မရခဲ့။

သုဝဏ္ဏအားကစားကွင်းထဲရှိ ပရိသတ်အားလုံး၏ အော်ဟစ်အားပေးသံများက ၎င်းကို ဆန့်ကျင်အားပေးနေကြခြင်းဖြစ်သည်။ သို့သော် ဖိအားများအောက်တွင် ၎င်း ရှင်သန်ခဲ့သည်ဟု Hasegawa က ဖွင့်ဟသလို နိုင်ငံတစ်နိုင်ငံ၏သူရဲကောင်းတစ်ယောက်နှင့် ၎င်း၏နိုင်ငံတွင် ယှဉ်ပြိုင်ထိုးသတ်ရခြင်းကို နှစ်သက်သည်ဟုလည်း ဝန်ခံထားသည်။

” နိုင်ငံ့ကိုယ်စားပြုကစားသမားတစ်ယောက်နဲ့ ပြိုင်ဘက်နိုင်ငံမှာပဲ ထိုးသတ်ရတာကို ကျွန်တော်တကယ်ကြိုက်တယ် ” ဟု ဂျပန်ကိုယ်ခံပညာကစားသမားက ပြောသည်။

ယခုအကြိမ်တွင် Hasegawa သည် မတ်လ ၃၁ ရက်တွင် အောင်လအန်ဆန်ကို ၎င်း၏မွေးရပ်မြေ၌ တစ်ကျော့ပြန် ဧည့်ခံထိုးသတ်သွားရတော့မည်လည်းဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top