ဟိုးရှေးရှေးတုန်းက စုန့်မင်းဆက်ခေတ်မှာ လယ်သမားတစ်ယောက်ဟာ ကံကောင်းခြင်းတွေ သူ့ဆီ ရောက်လာဖို့ အမြဲဆုတောင်းလေ့ရှိပါတယ်။ တစ်နေ့တော့ သူလယ်ယာလုပ်နေတုန်း အနားမှာ ယုန်တစ်ကောင်က သစ်သားတိုင်တစ်ခုဆီ တည့်တည့်ပြေးဆောင့်မိပြီး သေသွားတာကို တွေ့လိုက်ရတယ်။ ဒီအခါမှာ သူက ယုန်သေကို ဝမ်းသာအားရ ကောက်ယူပြီး “တကယ်လို့သာ အခုလိုမျိုး ယုန်တစ်နေ့တစ်ကောင်ရလို့ကတော့ ဘယ်တော့မှ လယ်ထွန်ဖို့ မလိုတော့ဘူးကွ” လို့ ကြုံးဝါးပါသတဲ့။
နောက်နေ့တွေမှာလဲ သူဟာ လယ်ကောင်းကောင်းမထွန်တော့ဘဲ သစ်သားတိုင်နားမှာသာ လာတိုက်သေမယ့် ယုန်တွေကို ထိုင်စောင့်နေပါတော့တယ်။ ဒါပေမယ့် ကံဆိုတာ အမြဲမကောင်းနိုင်တာမို့ နောက်ထပ် သစ်သားတိုင်ကို ဝင်တိုက်မိမယ့် ယုန်နောက်တစ်ကောင်ကိုတော့ သူထပ်မတွေ့ရတော့ပါဘူး။ ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်သွားတဲ့အခါ သူ့လယ်ခင်းကလည်း မဖြစ်ထွန်းတော့ဘဲ အိမ်နီးချင်းတွေ ကဲ့ရဲ့လှောင်ပြောင်တာကိုသာ ခံယူရပါတော့တယ်။
ဒီဇာတ်လမ်းလေးကနေ ပြောပြချင်တာကတော့ ဘဝမှာ ကံကောင်းတဲ့ အခိုက်အတန့်တွေကို ကြုံတွေ့ဖူးကြမှာ အမှန်ပါ။ ဒါပေမယ့် ကံကိုယုံပြီး ဆူးပုံနင်း ဆိုသလို အမြဲတမ်း ကံကောင်းဖို့ကိုသာ တ မနေဘဲနဲ့ လုပ်စရာရှိတာကို ကြိုးကြိုးစားစား လုပ်ကြမှသာ ဘဝမှာ မကြောင့်မကျ နေထိုင်အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။
Jong Kin (ရိုးရာလေး)