မင်္ဂလာပါ… စာအုပ်အညွှန်းကဏ္ဍက ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အရင့် အရင်အပတ်တွေကတော့ ဖတ်စရာစာအုပ်တွေညွှန်းပေးဖြစ်ခဲ့ပေမဲ့ အခုကာလတွေမှာမညွှန်းဖြစ်တာတောင် အတော်ကြာပါပြီ။ စာအုပ်တွေ ဖတ်ကော ဖတ်ဖြစ်ကြရဲ့လားဗျ … ။ လူမှုကွန်ရက်တွေမှာပဲ စီးမျောနေတတ်တဲ့အချိန်ကို တတ်နိုင်သလောက်လျှော့ပြီး စာဖတ်ကျင့်ကိုပြန်မွေးကြစေချင်မိပါတယ်။ ဒါကြောင့်လည်း ဖတ်မိသမျှတွေထဲက ကောင်းနိုးရာရာစာအုပ်လေးတွေကို ပြန်ပြီး ညွှန်းပေးဖြစ်ခဲ့တာပါ။
ကျွန်တော်ကိုယ်တိုင်လည်း အတော်ကြာကြာကို စာဖတ်ဖို့ပျင်းနေခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျ စာအုပ်ကောင်းတစ်အုပ်ကိုပဲ ဖတ်မိလိုက် … စာဖတ်ဖို့ ဈာန် ပြန်ဝင်လာဖို့က မခက်ပါဘူး။ အဲ … ကျွန်တော့်ကို အဲဒီလိုဖြစ်စေတဲ့ စာအုပ်တစ်အုပ်ကို ညွှန်းပေးလိုက်ပါရစေ…။
စာအုပ်နာမည်က “The King in Exile -The Fall of the Royal Family of Burma ( မြန်မာပြန်အမည် နန်းကျဘုရင်)” ပါ။ မူရင်းစာရေးသူက ဆူဒါရှား ဖြစ်ပြီး ဆရာဝင်းငြိမ်းက မြန်မာပြန်ပေးထားပါတယ်။ ထွက်ထားတာတော့ ကြာနေပါပြီ။ နန်းကျဘုရင် ဆိုတာက မြန်မာပြည် ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါဘုရင် ပါပဲ။ ကျွန်တော်ငယ်ငယ်က သီပေါဘုရင်ပါတော်မူခဲ့တဲ့အကြောင်း တစ်စွန်းတစ်စကို လူကြီးသူမတွေဆီကကြားခဲ့ရဖူးတဲ့အပြင် သမိုင်းသင်ခန်းစာတွေထဲကနေလည်း တချို့တလေကို သိခွင့်ရထားပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ကိုဖတ်ပြီးသွားချိန်မှာ အရင်ကသိခဲ့တာတွေဟာ အဖျားအနား အစွန်းအစလောက်ပါလား လို့ သိလိုက်ရပါတယ်။
မူရင်းစာရေးသူ စာရေးဆရာမ ဆူဒါရှား (Sudha Shah) က ဒီစာအုပ်ကို (၈) နှစ်လောက် အချိန်ယူပြီး အတော်လေး စေ့စေ့စပ်စပ် သုတေသနပြုကာ ထောင့်စေ့အောင် ရေးသားထားခဲ့တာပါ။ ဒါကြောင့် ဒီစာအုပ်ဟာ သီပေါဘုရင်နဲ့ ပတ်သက်ပြီးလေ့လာချင်ရင် စံထားလေ့လာကြရတဲ့စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
သီပေါဘုရင်ရဲ့ ဘဝဇာတ်ကြောင်းအပြင် ကြင်ယာတော် စုဖုရားလတ်၊ သမီးတော်လေးပါး၊ သမီးတော်လေးပါးရဲ့ အဆက်အနွယ်တွေအထိ မြန်မာတော်ဝင်မိသားစုရဲ့ဘဝဇာတ်ကြောင်းတွေကိုပါ အပြီးပြည့်စုံဆုံး မှတ်တမ်းတင်ထားတဲ့စာအုပ်ဆိုလည်း မမှားပါဘူး။ ဆရာဝင်းငြိမ်းရဲ့ ပြေပြစ်တဲ့ဘာသာပြန်မှုကြောင့် ဖတ်ရတာ ပိုလို့ ညက်ညက်ညောညော ရှိလှပါတယ်။
၁၈၈၅ နှောင်းပိုင်းမှာ ဗြိတိသျှတွေကို စစ်ရှုံးခဲ့တဲ့သီပေါဘုရင်ဟာ နန်းချခံရပြီး ကိုယ်လေးလက်ဝန်ရှိနေတဲ့ စုဖုရားလတ်၊ အရွယ်မရောက်သေးတဲ့ သမီးတော်ငယ်နှစ်ပါးနဲ့ မိဖုရားငယ် စုဖုရားကလေး တို့နဲ့အတူ အိန္ဒိယနိုင်ငံက ရတနာဂီရိဆိုတဲ့ မထင်မရှားမြို့ငယ်လေးဆီ ပို့ဆောင်ခံခဲ့ရပါတယ်။ နှစ်ပေါင်း (၃၀) လောက် အဲဒီမြို့လေးမှာပဲ စံနေခဲ့ကြရပြီး ၁၉၁၆ ခုနှစ် သီပေါဘုရင် နတ်ရွာစံပြီး သုံးနှစ်လောက်အကြာမှ စုဖုရားလတ်နဲ့ သမီးတော်တွေကို ရန်ကုန်ပြန်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ လက်ညိုးညွှန်ရာရေဖြစ်တဲ့ ရေမြေ့သခင်အဖြစ်ကနေ သာမန်အရပ်သားနဲ့ မခြားလှတဲ့ဘဝအခြေအနေကိုအရောက်မှာ တော်ဝင်မိသားစုအနေနဲ့ ဘယ်လိုမျိုး ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းခဲ့ရသလဲ ဆိုတာကို ဒီစာအုပ်ထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာပါ။
သီပေါဘုရင် နတ်ရွာစံပြီးတဲ့နောက် ရန်ကုန်မြို့ကိုပြန်ရောက်လာခဲ့ကြတဲ့ စုဖုရားလတ်နဲ့ သမီးတော်လေးပါးတို့ရဲ့ ဆန်းကြယ်လှတဲ့ဘဝအလှည့်အပြောင်းတွေကိုလည်း အံ့အားသင့်စရာ၊ ရင်မောစရာကောင်းလောက်အောင် တွေ့ရဦးမှာ ဖြစ်ပါတယ်။ စာအုပ်ရဲ့ ပထမပိုင်းမှာ သီပေါဘုရင်ရဲ့အကြောင်းကို အလေးပေးထားပြီး ဒုတိယပိုင်းမှာ နန်းကျပြီးနောက်ပိုင်းအခြေအနေတွေနဲ့ တတိယပိုင်းမှာတော့ ကျန်ရစ်တဲ့အနွယ်တော်တွေဆီက ပြောကြားချက်တွေကို ဖော်ပြရေးသားထားပါတယ်။
အချက်အလက်တွေ အသေးစိတ်လွန်းတာကတစ်ကြောင်း၊ ကိုယ်တိုင်ဖတ်ကြတဲ့အခါကျ အရသာပျက်မှာစိုးတာက တစ်ကြောင်းမို့ ကောက်စာတွေအများကြီး ထည့်မပေးချင်တော့ပါဘူး။ ဒါပေမဲ့..မှတ်မှတ်သားသား ဖြစ်နေမိတဲ့ စာသားတစ်ခုကိုတော့ ဖော်ပြပေးလိုက်ချင်ပါတယ်။ နန်းချခံရပြီး ရတနာဂီရိမှာရှိနေစဉ်က ဘုရင်ခံဆီကို ပေးပို့ခဲ့တဲ့ သီပေါဘုရင်ရဲ့ သဝဏ်လွှာတစ်စောင်ထဲကစာသားတွေပါ။
” တစ်ချိန်တစ်ခါက ကျွနု်ပ်သည် ထိုင်းနိုင်ငံဘုရင်မင်းမြတ်၊ တရုတ်နိုင်ငံဧကရာဇ်အပါအဝင် အခြားသောမင်းများ နှင့် တစ်တန်းတစ်စားတည်းဖြစ်ကာ ‘ဘုန်းတော်ကြီးလှသောဘုရင်မင်းမြတ်’ ဟု ခေါ်တွင်ခဲ့ကြရာမှ ယခုအခါတွင် ဘုရင်ဟောင်းအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ အကယ်၍ ကျွနု်ပ်အား ‘ဘုန်းတော်ကြီးလှသောဘုရင်မင်းမြတ်’ ဟူသည့်ဝိသေသကို ပြန်လည်သုံးစွဲခွင့်ပြုမည်ဆိုပါက အလွန်ပင်ဝမ်းမြောက်မိမည်ဖြစ်သည်။ ယခုသုံးစွဲနေသော ဘုရင်ဟောင်းသီပေါ၏ အစောင့်အကြပ်အရာရှိ ဆိုသည့် အသုံးအနှုန်းနေရာတွင်လည်း ဘုရင်မင်းမြတ်၏ နိုင်ငံရေးအရာရှိဟု ပြောင်းလဲခေါ်ဝေါ်စေလိုပါသည်။ ကျွနု်ပ်သည် လက်လွှတ်ဆုံးရှုံးခဲ့ပြီဖြစ်သော ဘုရင်နေရာကိုတမ်းတကာ ယခုကဲ့သို့ခေါ်ဝေါ်စေလိုခြင်းမဟုတ်ပါ။ ကျွနု်ပ်အား ‘ဘုရင်ဟောင်း’ ဟု ခေါ်ဝေါ်ခြင်းက ကျွနု်ပ်၏ရှုံးနိမ့်မှုကို အမြဲတစေသတိရနေစေရန်ဖန်တီးသကဲ့သို့ ဖြစ်နေခြင်းကြောင့်ဖြစ်သည်” တဲ့။
ကျွန်တော်ကတော့ ဒီစာကိုဖတ်အပြီးမှာ သီပေါဘုရင်ရဲ့ ကျဆုံးမှုအတွက်စိတ်ထိခိုက်ကြေကွဲနေရမှုကို ရိပ်ခနဲ မြင်လိုက်ရပါတယ်။ ကဲ… စာက အရမ်းလည်းရှည်နေပြီမို့ ဒီမှာပဲရပ်ပါရစေ။ ဒီစာအုပ်ကို ဖတ်ဖြစ်အောင်တော့ဖတ်လိုက်ပါဦး။ နောက်ရက်တွေမှာ ပြန်တွေ့ရအောင်ဗျာ…။
TH (ရိုးရာလေး)