နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကလေးစက်ရုံကနေ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၉ ယောက်ကို ကယ်တင်

yyl-3-9-009-1.jpg

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့မှာရှိတဲ့ ကလေးစက်ရုံ(Baby Factories)တွေကနေ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၉)ယောက်ကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ အသက်(၁၅)နှစ်ကနေ (၂၈)နှစ်ကြားအရွယ်ရှိတဲ့ အမျိုးသမီးတွေကို အလုပ်ရမယ်လို့ မက်လုံးပေးပြီး နိုင်ဂျီးရီးယားနိုင်ငံ ဒေသအနှံ့အပြားကနေ လာဂို့စ်မြို့ကို ခေါ်ဆောင်လာခဲ့တာပါ။

လာဂို့စ်မြို့ကို ရောက်လာချိန်မှာတော့ အဆောက်အအုံတွေထဲမှာ ဖမ်းဆီးထားပြီး အဓမ္မကျင့်ခဲ့ပါတယ်။ အမျိုးသမီးအများစုကို ကိုယ်ဝန်ဆောင်ခိုင်းလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်ပေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကနေ မွေးဖွားလာတဲ့ ယောကျ်ားလေးတွေကို အမေရိကန်ဒေါ်လာ ၁၄၀၀၊ မိန်းကလေးတွေကို အမေရိကန်ဒေါ်လာ ၈၃၀ နဲ့ ရောင်းစားဖို့ ကလေးစက်ရုံတွေက စီစဉ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကလေးငယ်တွေကို လူကုန်ကူးဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဆိုခဲ့ကြပေမဲ့ ဘယ်နေရာမှာ လူကုန်ကူးမယ်ဆိုတာနဲ့ ဘယ်သူတွေက ဝယ်ယူကြမယ်ဆိုတဲ့ အချက်ကိုတော့ ထည့်သွင်းပြောကြားခဲ့တာမျိုး မရှိပါဘူး။ လေ့ကျင့်သင်ယူမှုမရှိဘဲ သူနာပြုအဖြစ် ဆောင်ရွက်နေတဲ့ အမျိုးသမီး(၂)ယောက်ကို ဖမ်းဆီးရမိခဲ့ပေမဲ့ အဓိကသံသယရှိသူကတော့ ထွက်ပြေးလွတ်မြောက်နေဆဲပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ကလေးစက်ရုံတစ်ခုကို စီးနင်းခဲ့ရာမှာ ကလေးငယ် ၁၆၀ ကို ကယ်တင်နိုင်ခဲ့ဖူးပါတယ်။

အခုဖြစ်ရပ်မှာတော့ ကလေးငယ် ၄ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ကလေးစက်ရုံတွေကနေ ကယ်တင်နိုင်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို တခြားနေရာတစ်ခုမှာ ထိန်းသိမ်းစောင့်ရှောက်ပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top