လက်သန့်ဆေးရည်သုံးတာက လက်ဆေးခြင်းထက်ပိုပြီး ဖျားနာခြင်း ကင်းဝေးစေကြောင်း တွေ့ရှိ

hands-washing-with-sanitize-solution.jpg

ဆပ်ပြာနဲ့ရေအစား လက်သန့်ဆေးရည်သုံးတဲ့ ကလေးတွေက ကျောင်းပျက်ရက်နည်းသလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုး ဝင်ရောက်ခြင်းနဲ့ ပဋီဝဆေးတွေ သောက်သုံးရခြင်း နည်းပါးတယ်ဆိုတာကို စပိန် သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

စပိန်နိုင်ငံ အယ်မီရီရာ (Almería) နေ့ကလေးထိန်းကျောင်းမှာရှိတဲ့ ၃ နှစ်အရွယ်အထိ ကလေးပေါင်း ၉၁၁ ယောက်ကို အုပ်စု (၃) စုခွဲပြီး လက်သန့်ရှင်းဖို့ လက်သန့်ဆေးရည်သုံးတဲ့ အဖွဲ့ကတစ်ဖွဲ့၊ ဆပ်ပြာနဲ့ရေသုံးတဲ့ အဖွဲ့က တစ်ဖွဲ့၊ လုပ်ထုံးလုပ်နည်းအတိုင်း သန့်ရှင်းရေးလုပ်ပါတယ်ဆိုတာက တစ်ဖွဲ့ သုံးဖွဲ့ ခွဲပြီး လေ့လာခဲ့ကြတာပါ။

လေ့လာမှု မစတင်ခင်မှာ အဖွဲ့ (၃)ဖွဲ့လုံးကို လက်သန့်ရှင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ တက်ရောက်စေခဲ့ပါတယ်။ ဒါပေမဲ့ ပထမ ၂ ဖွဲ့ကိုတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သင်တန်းကိုပါ တက်ခိုင်းခဲ့ပါတယ်။ အစာမစားခင်နဲ့ အစာစားပြီး၊ အိမ်ပြန်ရောက်ချိန်၊ ချောင်းဆိုး၊ နှာချေ၊ နှပ်ညှစ်ပြီးတဲ့အချိန်မှာ လက်သန့်ရှင်းဖို့ နည်းလမ်းတွေ ပြောပြခဲ့ပါတယ်။

၈ လ ကြာတဲ့အချိန်မှာ လက်သန့်ဆေးရည်သုံးတဲ့အဖွဲ့ရဲ့ ကျောင်းပျက်ရက်က ၃.၂၅ ရာခိုင်နှုန်း၊ ဆပ်ပြာနဲ့ရေ သုံးတဲ့အဖွဲ့က ၃.၉ ရာခိုင်နှုန်း၊ ပုံမှန် လက်ဆေးလေ့ရှိတဲ့ အဖွဲ့က ၄.၂ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။ ဆပ်ပြာနဲ့ရေ သုံးတဲ့အဖွဲ့က လက်သန့်ဆေးရည် သုံးတဲ့အဖွဲ့ထက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အဖြစ်များပြီး ပိုးသတ်ဆေးဝါးမှီဝဲရတဲ့နှုန်းက ၃၁ ရာခိုင်နှုန်း ပိုများကြောင်းလည်း တွေ့ခဲ့ရပါတယ်။

“လက်ဆေးခြင်းက ရောဂါပိုးမွှားရန်ကနေ ကာကွယ်ပေးနိုင်တယ်ဆိုတာ လူတိုင်းသိထားပြီးဖြစ်လို့ အထူးအဆန်းသတင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတိုင်းသိထားရမှာက လက်ကို နည်းစနစ်တကျ ဆေးကြောတတ်ဖို့ပါပဲ” လို့ ရောဂါပိုးမွှား ကာကွယ်ရေး အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါက်တာ ဟားစ်က ဆိုပါတယ်။

လက်ဆေးတဲ့အခါမှာ “ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်ရ ကုတ်၍ခြစ်ပါ လက္ခဏာ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ” ဆိုတဲ့ ကဗျာလေးအတိုင်း နည်းလမ်းတကျ ဆေးကြောရမှာဖြစ်ပြီး Happy Birthday To You သီချင်းကို ၂ ကျော့ပြန်သီဆိုပြီး လက်ဆေးရမှာ ဖြစ်ပါတယ်။

အယ်လ်ကိုဟောပါတဲ့ လက်သန့်ဆေးရည်သုံးခြင်းက ကလေးငယ်တွေမှာ အသက်ရှူလမ်းကြောင်းရောဂါပိုး ကူးစက်ခံရခြင်းကို ကာကွယ်ပေးပါတယ်။ လက်သန့်ဆေးရည်ကို လက်ဖဝါးပေါ်တင်ပြီး လက်ချောင်းတွေပါမကျန် ပွတ်သပ်လိမ်းကာ ခြောက်တဲ့အထိထားရမှာ ဖြစ်ပါတယ်။ လူတွေက လက်ဆေးဖို့ အဆင်မပြေတဲ့အချိန်မှာ လက်သန့်ဆေးရည်သုံးတာက အလွယ်တကူ အဆင်ပြေသားပဲလို့ တွေးပေမဲ့ တကယ်တမ်း ဆပ်ပြာနဲ့ရေ သုံးပြီး ဆေးတာထက် ပိုပြီးထိရောက်တယ် ဆိုတာကို မသိကြဘူးလို့ အမေရိကန် ရောဂါပိုး ထိန်းချုပ်ကာကွယ်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Ref: CNN “Hand Sanitizer cut back on young children’s sick days more than washing,study says”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top